Preview

ရသေ့တောင်မြို့နယ် မူစဲကမ်းကံပြင်ကျေးရွာမှပိတ်မိနေသည့်သက်ကြီးရွယ်အိုများ စားရေးသောက်ရေးအခက်ကြုံအိမ်စိုးဖြူ

ဇွန် ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :1871
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၃၀/၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်း၊ ကံပြင်ကျေးရွာထဲသို့ တပ်မတော်စစ်ကြောင်းတစ်ကြောင်း ဝင်လာ၍ ရွာသားများထွက်ပြေးသွားကြသဖြင့် ရွာထဲတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အို ၂၀ ဦးခန့် မှာ စားရေးသောက်ရေး အခက်အခဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။ 

ရွာထဲတွင် ကျန်နေခဲ့သူ အသက် (၆၀) အရွယ် ဦးသံလုံးက “ စစ်သားတွေက မနေ့ညကလည်း သေနတ်တွေ ဖောက်တော့ အကုန်ကြောက်နေကြတယ်။ အသက် ခြောက်ဆယ်ကနေ ရှစ်ဆယ်ကျော်အထိ လူနှစ်ဆယ်နီးပါး ကျန်ခဲ့တယ်။ ဦးလေးတို့နဲ့ အတူတစ်အုပ်စုနဲ့ ရွာအနောက်ဖက်မှာ တစ်စုကျန်ခဲ့တယ်။ ကြောက်နေကြတယ်။ သူတို့ စစ်ကြောင်း ပြန်ထွက်သွားရင် အကြောင်းမဟုတ်ဘူး။  ဦးလေးတို့ကို ရွာထဲကနေလည်း ထွက်ခွင့် မပေးတော့ဘူး။ အခုဆို စားသောက်ရေးနဲ့ နာမကျန်းတဲ့လူတွေအတွက် အခက်အခဲဖြစ်နေတယ်”ဟု ပြောသည်။

၎င်းတပ်မတော်စစ်ကြောင်းသည်  ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်က ကံပြင် ကျေးရွာထဲ ဝင်ရောက်လာပြီး  စခန်းချနေသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို ရွာထဲတွင် ပိတ်မိကျန်ခဲ့သည့် သက်ကြီးရွယ်အိုများက အထူး စိုးရိမ်နေကြသည်ဟု ပြောသည်။

“ သေနတ်ပစ်သံတွေကို မကြခဏ ကြားရတော့ ကြောက်ကြတာပေါ့။ တစ်ခုခု ဖြစ်ရင် ပြေးလည်း မပြေးနိုင်ကြတော့ အထူးစိုးရိမ်နေကြရတယ်။ တိုက်ပွဲမဖြစ်ဖို့ကိုဘဲ ဘုရားကို အာရုံပြု ဆုတောင်း နေကြ၇တယ်”ဟု ဦးသံလုံးက ပြောကြားသည်။ 

၄င်းသက်ကြီးရွယ်အိုများမှာ လက်ရှိတွင် မိသားစုများနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု ဦးသံလုံးက နိရဥ္စရာသတင်းဌာနအားပြောသည်။ 

ကံပြင်ကျေးရွာတွင် စခန်းချနေသည့် စစ်ကြောင်းသည် ယမန်နေ့က ဇက်ရေယာဉ်နှစ်စီးပေါ်မှ မူစဲကမ်း ပေါ်သို့ သေနတ်များပစ်ဖောက် တက်ရောက်လာသဖြင့်  ကူတောင်၊ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချောင်း အပါအဝင် ကျေးရွာ ၆ ခုမှ ကျေးရွာသားများမှာ ကြောက်လန့်ပြီး  ရွာလုံးကျွတ်ထွက်ပြေး သွားခဲ့ကြသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောဆိုသည်။ 

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ရွာသားတွေ ပိတ်မိကျန်ခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ စစ်ကြောင်းထွက်သွားရင် ရွာပြန်ချင်ပြန်လို့ရမယ်။ ကြောက်လို့ထွက်ပြေးကြတာ။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ပိတ်မိကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အတွက် သက်ဆိုင်ရာကို တင်ပြပြီး စီစဉ်ရမယ်။ ထွက်ပြေးကြတဲ့ ရွာသားတွေ စားသောက်နေထိုင်ရေးတွက် စီစဉ်စရာရှိတာတွေ စီစဉ်ထားတယ်” ဟုပြောသည်။

အဆိုပါ ကံပြင်ကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော်နှင့် လူဦးရေ တစ်ထောင်ခန့် နေထိုင်ကြောင်း သိ၇သည်။

လွန်ခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း တပ်မတော်မှ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေအား နယ်မြေရှင်းလင်းရန်အတွက် ဖယ်ရှားပေးရမည်ဟု အစိုး၇မှ ထုတ်ပြန်ချက်ကြောင့် ၄င်းနယ် တစ်ခုလုံးရှိ ကျေးရွာပေါင်း လေးဆယ်ကျော်မှ ရွာသားများမှာ ကြောက်လန့်ပြီး  နယ်ရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။

ယင်းနောက်တွင် ထုတ်ပြန်ချက်ထုတ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ကျောက်တန်းနယ်တစ်ခုလုံးကို ဆိုလိုခြင်းမဟုတ်ဘဲ ကျောက်တန်းအရှေ့ဘက် ကျေးရွာ ငါးရွာ၊ ခြောက်ရွာခန့်ကိုသာ စစ်ဆင်ရေးလုပ်ရန် စာထုတ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းရွာများဖယ်ရှားရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းကို  ဇွန်လ ၂၇ ရက်နေ့က ပြန်ရုပ်သိမ်းခဲ့ကြောင်းသိ၇သည်။


#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.