ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် တပ်မတော်သား ၃ ဦးမှအဓမ္မပြုကျင့်ဟု ကာယကံရှင် အမျိုးသမီးပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ သားသမီး ၄ ယောက်၏ မိခင် အသက် (၃၇) နှစ် ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးကို ဇွန်လ ၃ဝ ရက်နေ့ ညနေ ၁၁ နာရီအချိန်ခန့်က တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောဆိုသည်။ 

အဓမ္မပြုကျင့်ခံရသူ ကာယကံရှင်အမျိုးသမီး *** (၃၇) နှစ်က “ စစ်ဆေးစရာရှိတယ်ဆိုပြီး တပ်မတော်သား ၄ ဦးက ကျမကို ကျမအိမ်ကနေ ကျမယောက္ခမအိမ်ကို ခေါ်တယ်။ ပြီးတော့ ကျမကို အကျပ်ကိုင်တယ်။ သေနတ်နဲ့ ပစ်သတ်ဖို့၊ ဓားနဲ့ထိုးဖို့ဆိုပြီးတော့ ပြောတယ်။ ကျမယောက္ခမအိမ်ကို ရောက်တာနဲ့ ၄ ယောက်မှာ တစ်ယောက်တော့ ဘာမှ မလုပ်ဘူး။ ၃ ယောက်က ကျမကို အဓမ္မပြုကျင့်တယ်။ နောက်ပြီး ကျမကို ဘာသတင်းမှ မပေါက်ကြားစေနဲ့၊ ပေါက်ကြားရင် သတ်ပစ်မယ်ဆိုပြီး ကျမကို ခြိမ်းခြောက်သေးတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဓမ္မပြုကျင့်ခံရသူ၏ အိမ်ခြံဝင်းထဲတွင် အိမ် ၄ ဆောင်ရှိပြီး ဇွန်လ ၃ဝ ရက်နေ့ ညနေက မြောက်ဘက်အဆုံးက အိမ်တွင် တပ်မတော်သား ၄ယောက် နေထိုင်ခဲ့ပြီး တခြားရွာထဲက အိမ်များတွင်လည်း တပ်မတော်သားများ နေထိုင်ခဲ့ကြောင်း သူကပြောသည်။

“ ကျမကို နိုင်ထက်စီးနင်းလုပ်ပြီးရင်။ ကျမသမီးကိုလည်း ဆွဲခေါ်တယ်။ ကျမသမီးကိုလည်း နိုင်ထက်စီးနင်း လုပ်ဖို့ကြံစည်တယ်။ ကျမသမီးက ကလေးမွေးထားတာ ခြောက်ရက်ဘဲရှိသေးတယ်။ ကျမသမီးကိုတော့ နိုင်ထက်စီးနင်း မလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထဲက တစ်ယောက်က သူတို့ကိုလာတားတယ်။ အဲဒါကြောင့် မလုပ်ခဲ့ဘူး” ဟု သူ့ကဆက်ပြောသည်။

၄င်းအမျိုးသမီး အပါအဝင် ဦးဂါကျေးရွာသားအချို့မှာ တပ်မတော်သားများဝင်လာသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းသို့ နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းဖြစ်စဉ်မှာ မဟုတ်ကြောင်း၊ ဝါဒဖြန့်ချီခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

“ အဲဒါမဟုတ်ဘူး။ ဝါဒဖြန့်နေကြတာ။ စစ်သားဆိုတာ ကင်းနဲ့ နေတာ။ သူအဖွဲ့နဲ့ သူကင်းနဲ့နေတာ။ စစ်သားတွေမှာ အမြဲတမ်း ကင်းအဖွဲ့ဆိုတာလည်း ရှိပြီးသား။ ကင်းစစ်အဖွဲ့ဆိုတာလည်း ရှိတယ်။ အဲလို့ မဟုတ်က၊ ဟုတ်က သွားလုပ်လို့ မရဘူး။ ရန်သူ့နယ်မြေထဲမှာ အမိန့်မရဘဲ သွားလို့မရဘူး။ အဲဒီနေ့က ဦးဂါရွာမှာ တပ်မတော်သားတွေ နေခဲ့တာလည်း မရှိဘူး”ဟု ဗိုလ်မှူးကြီး မင်းသန်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းသို့ ယနေ့ နံနက် ၁ဝ နာရီ မိနစ် ၃ဝ က ဆက်သွယ် မေးမြန်းခဲ့ရာ သူက “အဲဒီကိစ္စ ကျွန်တော်တို့ သတင်းအတိကျ အသေးစိတ် မရသေးဘူး။ အဲဒါကို အခု စုံစမ်းဆဲဖြစ်နေတယ်။ ကျွန်တော် အခုပဲ စောင့်နေတာ အဲဒီသတင်းကို” ဟု ပြောဆိုသည်။ 

ဦးဂါကျေးရွာအုပ်ချုပ်ရေးမှူးဦးလှအောင်ဇံက “ အဲဒီနေ့က ကျနော်ရွာမှာ မရှိဘူး။ ကျနော်မှာ ကလေး နေမကောင်းလို့ စစ်တွေကို ဆေးခန်းပြဖို့ရောက်နေတယ်။ ရွာအခြေအနေကိုတော့ ကျနော်လည်း တိတိကျကျမသိဘူး။ သူတို့နဲ့ကျနော်နှင့် အဆက်သွယ်လည်း မလုပ်ရသေးဘူး” ဟု ပြောသည်။


ဆက်စပ် သတင်းများ