Preview

သြရမရွာသို့ ခိုလှုံလာသူများအတွက် အထောက်အပံ့လိုအပ်နေ

ဇူလိုင် ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :6706
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၅ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊သြရမကျေးရွာသို့ ထွက်ပြေးရောက်ရှိလာကြသည့် စစ်ပြေးရှောင် လူပေါင်း ၂၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဆက် ပြောကြားသည်။

ကျောက်တန်းနယ်မြေအား စစ်ဆင်ရေးလုပ်မည့် သတင်းထွက်ပေါ်လာပြီးနောက် ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်၊ နွားတင်ကုတ်၊ ကျောက်တန်းနှင့် အောင်သာစည် စသည့် ကျေးရွာတို့မှ ရွာသား ၂၀၀ ကျော်သည်  ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမကျေးရွာသို့ ထွက်ပြေး ခိုလှုံလာကြဟု ၎င်းစစ်ဘေးရှောင်များကို တာဝန်ယူ စောင့်ရှောက်ပေးနေသည့် ဦးစောသန်းက ပြောသည်။ 

“ ကျနော်တို့ရွာဟာလည်း အိမ်ခြေ ၂၀၀ ကျော်ကျော်လောက်ဘဲရှိတဲ့ ရွာငယ်တစ်ရွာဖြစ်တယ်။ အဲဒါနဲ့ ဒီလူဦးရေ ၂၀၀ ကျော်ကို ကျနော်တို့ အနေနဲ့ ထိန်းသိမ်းနိုင်ဖို့အတွက်လည်း တော်တော့ကို အခက်အခဲ ရှိတယ်။ နောက်ပြီး ကျနော်တို့ဒေသဟာလည်း လယ်ယာတွေ လုပ်စားတဲ့ ဒေသလည်း မဟုတ်ဘူး။ သစ်၊ ဝါးတွေ ခုတ်ပြီး စားနေရတဲ့ ဒေသဆိုတော့ ဒီလောက်လူဦးရေကို ကျနော်တို့ ထိန်းသိမ်း၇ဖို့ဆိုတာကလည်း ဘယ်လိုမှ အဆင်မပြေဖြစ်နေတယ် ” ဟု ပြောသည်။

ပိုးရီပြင် မဟာမိတ်အဖွဲ့ကလွှဲပြီး အလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းမှုမရှိသေးသဖြင့် ၎င်းတို့၏ စားရေး၊ သောက်ရေးအတွက် ရပ်ရွာမှ စီစဉ်ဆောင်ရွက်နေ၇ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က “ အဲဒါတွေကိုတော့ ကျနော်တို့ကလည်း အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် ပြောရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တင်ပြ၇မှာဖြစ်ပါတယ်” ဟု ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ကျောက်တန်း ကျေးရွာနှင့် ဝန်းကျင်တစ်ဝိုက်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းခြင်းဆောင်ရွက်သွားမည်ဟု စာထုတ် ပြန်ပြီးနောက် ၎င်းရွာသားများ ကြောက်လန့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ၎င်းစာအား ဇွန်လ ၂၆ ရက်နေ့ကတည်းက  ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း အဆိုပါ ကျေးရွာများအနီးရှိ အောင်သာစည်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အိမ်မပြန်ကြဘဲ ပုဏ္ဏားကျွန်းမြို့နယ် သြရမ ကျေးရွာတွင် ခိုလှုံနေကြသည်ဟု သိ၇သည်။


#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.