တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် စစ်တပ်မှအသွင်ပြောင်းလာသည့် နယ်ခြားစောင့်ရဲအရာရှိတစ်ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင်၉ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်တပ်မှ အသွင်ပြောင်းလာသည့် နယ်ခြားစောင့် ရဲအရာရှိတစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ပျောက်ဆုံးနေသူမှာ ဒုရဲအုပ် ဟန်ထွန်း(၅ဝ)နှစ် ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်က မင်းပြားမြို့နယ် တိုင်းဗဟို(၉)တွင် ဒုအရာခံဗိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ လက်ရှိတွင် ရဲအသွင်ပြောင်း၍ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ် နကခ ( ၈) တွင်တာဝန်ကျနေသူဖြစ်ကြောင်းသိရသည်။

၄င်းမှာစစ်တွေမြို့၊ ဆတ်ရိုးကျ ကယ်ဆယ်ရေး အကွက်(၂)တွင် အခြေချနေထိုင်၍  သူတာဝန်ကျရာ စခန်းအား ရိက္ခာပေးပို့ပေးရန်အတွက် ရိက္ခာများဝယ်ယူရန်  စစ်တွေမြို့မြို့မစျေးကြီးကို ဇူလိုင်လ ၂ရက် နေ့လယ်က ထွက်ခွာသွားပြီးနောက် ပျောက်ဆုံး သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၄င်း၏ဇနီးဖြစ်သူ ဒေါ်လှဝင်းက “ ဇူလိုင်လ ၂ ရက် နေ့လယ် တစ်နာရီလောက်က စျေးကြီးကို စျေးဝယ်ဖို့ ထွက်သွားတာ။ နှစ်နာရီလောက်မှာ ကျွန်မဆက်ကြည့်တော့ စက်ပိတ်သွားပြီ။ တာဝန်ကျနေတာက ဘူးသီးတောင်မြို့နယ် နကခ (၈) မှာပါ။ နေတာကတော့  ဒီမှာထားတာပါ။ ကြာပါပြီ နှစ်နှစ်ရှိပါပြီ။ ရဲတွေကို တိုင်ထားပါတယ်။ ရှာလည်းရှာနေကြပါတယ်” ဟု ပြောသည်။

၄င်းပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ စစ်တွေမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သူမက ဆက်ပြောသည်။

အဆိုပါ ရဲအရာရှိပျောက်ဆုံးနေသည်နှင့် ပတ်သက်၍ စစ်တွေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“သိပါတယ်။ အမှတ်(၂)စခန်းမှာ သူတို့လူပျောက်တိုင်ထားတယ်ဗျ။ လူပျောက်မှုဖွင့်ထားတယ်။ အဆက်သွယ် မရသေးဘူးဗျ။ တိုင်ချက်ဖွင့်တော့ ကျွန်တော်တို့ဆီက အဖွဲ့တွေတော့ ရှာဖွေနေကြပါတယ်။ သူက နယ်ခြားစောင့်ကပါ”ဟု ရဲမှူးအောင်နိုင်ဝင်းက ပြောသည်။

အလားတူ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ရဲဒုတပ်ကြပ်တစ်ဦးဖြစ်သူ မြင့်နိုင် (၅ဝ နှစ်ဝန်းကျင်) သည်လည်း ဇူလိုင်လ ၈ ရက်နေ့က စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ရုံးစာများ သွားရောက်ပို့ဆောင်စဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ