မောင်တောနယ်စပ်ကုန်သွယ်မှုပြုလုပ်သူနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ


အိမ်စိုးဖြူ၊ ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ နယ်စပ်ကုန်သွယ်မှုပြုလုပ်သူနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သတင်းရရှိသည်။ 

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၁ဝ ရက် ညနေ ၈ နာရီိထုတ်ပြန်ချက်တွင် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်သူ လူနာအမှတ်စဉ် ၃၂၅ နှင့် အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦးဖြစ်သူ လူနာအမှတ်စဉ် ၃၂၆ တို့တွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိရကြောင်း၊ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်ရောက်လာသူများဖြစ်ကြကြောင်း၊ အသွားအလာ ကန့်သတ်ထားရှိသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။ 

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် “သူတို့က မောင်တောက လူတွေပါ။ တရားဝင်ကုန်စည် ပို့ဆောင်ရေးဂိတ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွားပို့တယ်။ ကုန်သွားပို့ပြီး ပြန်လာတဲ့လူတွေ။ သူတို့က ဘယ်လူမျိုးလည်း ဆိုတာတွေကိုတော့ ကျနော်တို့လည်း မသိရသေးဘူး။ အဲဒီမှာ ရခိုင်တွေလည်းပါတယ်။ မူဆလင်တွေလည်းပါတယ်” ဟု ပြောသည်။

မြန်မာ့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံသည် ကိုရိုနာရောဂါ ဖြစ်ပွားမှု ကမ္ဘာညွှန်းကိန်း နံပတ် (၈) အဆင့်တွင် ရောက်ရှိနေပြီး ဇူလိုင် ၁ဝ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ရောဂါကူးစက်ခံရ၍ သေဆုံးသူပေါင်း ၂၂၇၅ ဦးရှိကာ  ၁၇၈၄၄၃ ဦးတွင် ရောဂါပိုးကူးစက်ခံထားရသည်၏။  နေ့စဉ် လူ ၄ဝ ခန့် သေဆုံးနေကြောင်း ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ကိန်းဂဏန်းများအရ သိရသည်။ 

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၁ ရက် နံနက် ၈ နာရီထိ ကိုရိုနာရောဂါပိုးတွေ့ရှိသူ ၃၂၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ပြန်လည် သက်သာကောင်းမွန်လာသူ ၂၅၆ ဦးရှိကြောင်း  မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ရခိုင်ပြည်နယ်တွင် ယခင်က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၂ ဦးရှိသည့်အနက် ၇ ဦးမှာ ရောဂါကောင်းမွန် လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီ၊ ကျန် ၅ ဦးမှာ ဆေးရုံတွင် ဆက်လက် ကုသနေရသော်လည်း အခြေအနေမှာလည်း တိုးတက်ကောင်းမွန်လာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်မှ နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

 


Share: