Preview

အင်းဒင်နှင့် ကိုးတန်ကောက်အကြားတိုက်ပွဲဖြစ်၊ သေနတ်သံများကြောင့် ဒုံးပိုက်၊ ချိန်ခါလီရွာသားများထွက်ပြေး

ဇူလိုင် ၁၂/ ၂၀၂၀ | ကြည့်ရှုသူ :7423
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၀

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအကြားတွင် ယနေ့နံနက် ၁၀ နာရီခန့်က မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကိုးတန်ကောက်ဒေသခံတစ်ဦးက တိုက်ပွဲထဲမှ ထွက်လာသော သေနတ်သံများကို နံနက် ၁၀ နာရီခန့်မှ နေ့လယ်ပိုင်းထိ ကြားခဲ့ရပြီး မိုးသည်းထန်စွာရွာပြီးနောက် သေနတ်သံများကို မကြား၇တော့ဟု ပြောဆိုသည်။

“ တိုက်ပွဲဖြစ်တာက ကျွန်တော်တို့ရွာနဲ့ သိပ်မဝေးဘူး။ အရင်တစ်ခေါက် ဖြစ်ခဲ့တဲ့ ဆားငံချောင်း လောက်မှာ ဖြစ်ကြတယ်လို့ ခန့်မှန်းရပါတယ်။ အေအေနဲ့ မောင်တောဘက်ကလာတဲ့ စစ်တပ်နဲ့ ဖြစ်ကြတယ်လို့ သိရပါတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေကို ကြားရပါတယ်။ ကျွန်တော်တို့ ရွာက လူတွေက ထွက်မပြေးကြဘူး။ ကျွန်တော်တို့ဆီမှာ နယ်ခြားစောင့် စခန်းလည်းရှိတယ်ဆိုတော့ ဒီအတိုင်းဘဲ အိမ်မှာနေကြပါတယ်” ဟု ပြောသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားသဖြင့် အငူမော်နှင့် မောင်တောအကြား ကားအသွားအလာ ရပ်ဆိုင်းသွားပြီး မောင်တောသို့ သွားမည့် ကာအစီး ၂၀ လောက်မှာ ပိတ်မိသွားပြီး စစ်တွေမှလာသော ခရီးသည်များမှာ ညနေ ၄ နာရီလောက်မှ ကားများဖြင့် မောင်တောသို့ ထွက်ခွာသွားခဲ့သည်ဟု အငူမော် ဒေသခံ တစ်ဦးက ပြောသည်။

ဒုံးပိုက်ရွာသို့ ဆက်သွယ်ရာ ဦးဇင်းတစ်ပါးက “ ဒီဒုံးပိုက် ရွာသားတွေတော့ အများအပြား ထွက်ပြေး သွားကြပါပြီ။ သူတို့က ဒီနေ့ တိုက်ပွဲ ဖြစ်တာနဲ့ မဆိုင်ဘူး။ မနေ့ကတည်းက ထွက်ပြေး သွားကြတာပါ။ အများစုက မနေ့ကတည်းက သေနတ်ပစ်သံတွေကြားပြီး ထွက်ပြေးကြတာပါ။ တပ်မတော်စစ်ကြောင်းလည်း ရွာကို ရောက်လာတော့ ကြောက်ပြီးထွက်ပြေးကြတာ ဖြစ်ပါတယ်။ ရွာမှာက အိမ်ခြေ ၂၄၀ ကျော်ရှိပါတယ်” ဟု ပြောသည်။ 

ယနေ့နံနက်ကလည်း ဒုံးပိုက်ကျေးရွာရှိ နယ်ခြားစောင့်စခန်းတွင် ရောက်ရှိနေသည့် တပ်မတော် စစ်ကြောင်းက မေယုတောင်တန်းဘက်သို့  လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ပြောဆိုသည်။ 

ချိန်ခါလီကျေးရွာမှ ထွက်ပြေးလာကြသူများမှာ မေယုတောင်ကို် ကျော်ပြီး အောင်ဆိတ်နှင့် သံချောင်းကျေးရွာသို့ ရောက်ရှိလာကြောင်း အောင်ဆိတ်ဒေသခံ ဦးမောင်တင်ဝင်းက ပြောကြားသည်။ 

“ အခု ချိန်ခါလီက ရောက်လာတဲ့ ရွာသားက ၂၀၀ ခန့်လောက်ရှိပါတယ်။ အများစုကို အောင်ဆိတ်မှာ နေရာချထားပေးပြီး ကျန်တစ်ချို့က သံချောင်းမှာရောက်နေပါတယ်။ လောလောဆယ်တော့ ရွာထဲမှာဘဲ နေရာချပေးထားပြီး စားရေးသောက်ရေးကိုလည်း ရွာကဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြေရှင်းပေးထားပါတယ်။ ကြာလာရင်တော့ အကူအညီ လိုနိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။ 

၎င်းဒေသတွင် မိုးလည်း သည်းထန်စွာရွာနေပြီး တိုက်ပွဲဖြစ်ပွားခြင်း၊ သေနတ်သံများကိုလည်း မကြာခဏ ကြားနေရခြင်းတို့ကြောင့် ဒေသခံများအကြား အထူးစိုးရိမ်နေကြသည်ဟု ပြောဆိုသည်။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.