Preview

စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓာတ်ဆီသွန် မီးရှို့ခံရ၍ ဆေးရုံတင်ထားရ

ဇူလိုင် ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :10478
မှုခင်း သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင်၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြိုနယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှာ ဇူလိုင်လ ၁၀ ရက်နေ့ည ၁၀ နာရီခွဲခန့်က ဓာတ်ဆီသွန်၍ မီးရှို့ခံရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

၎င်းမှာ စစ်တွေမြို့နယ်၊ သင်္ကနက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲနိုင် (၃၆)နှစ်(ကမန်တိုင်းရင်းသား) ဖြစ်ကာ လုပ်ကြံရန် ကြိုးစားသူမှာ မည်သူမည်ဝါဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း၊ သူ့မှာ တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၄င်းအုပ်ချုပ်ရေးမှူး ဦးရဲနိုင် ၏ အစ်ကိုဖြစ်သူ ဦးစိုးထွန်းဦးက “ အခုဆေးရုံမှာပါ။ ဆိုင်ကယ်က ဓာတ်ဆီနဲ့ မီးရှို့တာပါ။ ဘယ်သူလုပ်တာလည်း မသိရသေးဘူး။ သူလည်း အခုထိ သတိမရဘူးဆိုတော့ မပြောနိုင်သေးဘူး။ ရွာထဲလမ်းမမှာ ဖြစ်တာ။ အပြင်ကနေဆိုင်ကယ်နဲ့ပြန်လာတာမှာ ဖြစ်တာ။ အမှုလည်း မဖွင့်ရသေးဘူး။ ဘယ်လိုဖြစ်တာလည်း ဆိုတာမသိရသေးဘူး။ သူ့မှာရန်ငြိုးရန်စလည်းမရှိဘူး” ဟုပြောသည်။

သူ့တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများဖြင့် ရွာသားတစ်ဦးမှ တွေ့ရှိခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့နံနက် တွင် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ သိ၇သည်။

တူမတော်စပ်သူ မအေးမြစန္ဒာက “ ဘယ်လိုဖြစ်လဲဆိုတာမသိရဘူး။ သတင်းတွေက ရွာမှာ အမျိုးမျိုး ပြောနေကြတယ်။ ညကတည်းဖြစ်တာကို မိုးလင်းမှ ဆေးရုံတင်ပြီး အောက်ဆီဂျင်တွေ ပေးထားရတယ်လို့ ပြောတယ်။ သူ့တွက် တစ်ရွာလုံးစိတ်မကောင်းဖြစ်နေကြတယ်။ သူ့ကလူကောင်းဆိုတော့ ရွာမှာလည်း ရန်ငြိုးရန်စမရှိဘူး”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးအောင်နိုင်ဝင်းနှင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးတို့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့မှ အတည်ပြုချက်တစ်စုံတစ်ရာ သိရှိရခြင်းမရှိသေးပါ။

အဆိုပါ သင်္ကနက်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၁၄၀၀ကျော်ရှိကာ ကမန်တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်သည့်ကျေးရွာတစ်ခုဖြစ်ကြောင်း သိ၇သည်။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.