ကျောက်တော်မြို့နယ်တွင် ကွာရန်တင်းဝင်နေသည့် စောင့်ကြည့်လူနာတစ်ဦးသေဆုံး


အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင်၁၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံတွင် ကွာရန်တင်းဝင်နေသည့် ကိုဗစ်စောင့်ကြည့်လူနာတစ်ဦး ယမန်နေ့ နံနက် ၁၁ နာရီကျော်က သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက်(၄၂)နှစ်အရွယ် ကျောက်တော်မြို့နယ်၊ ရောင်စုံကျေးရွာသားတစ်ဦးပြီး တရုတ်နိုင်ငံမှ ဇွန်လ ၃ဝ ရက်နေ့က ပြန်ရောက်သူ ဖြစ်ကြောင်း သိသည်။

၄င်းမှာ ရောင်စုံကျေးရွာ စာသင်ကျောင်းတွင် ကွာရန်တင်းဝင်နေရာမှ ဖျားနာလာသဖြင့် ဇူလိုင်လ ၁၄ ရက်နေ့က နံနက် ၁ဝ နာရီခန့်က အပေါက်ဝတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အချိန်အနည်းငယ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက နိရဥ္စရာ သတင်းဌာနအားပြောသည်။

ဒေါက်တာသန်းထွန်းဦးက “ရောက်တဲ့နေ့က ချက်ချင်း ကွာရန်တင်းဝင်တာပါ။ ကားနဲ့လာတာပါ။ တစ်ရက် ဖျားခဲ့တယ်။ ၁၄ ရက်နေ့ မနက် သုံးနာရီလောက်မှာ ဖျားခဲ့တယ်။ အပေါက်ဝကို ၁ဝ နာရီလောက်မှာ ရောက်တယ်။ မနက် ၁၁ နာရီ ကျော်လောက်မှာ သေသွားတယ်။ သူတို့ကို တရုတ်က ရောက်ကတည်းက ရောင်စုံမှာဘဲ စာသင်ကျောင်းမှာ ထားထားတာ။ သူ့မိန်းမတစ်ယောက်တော့ ထိတွေ့ဖူးတယ်။ သူ့ကိုလည်း စောင့်ကြည့်ထားတယ်” ဟုပြောသည်။

၄င်းသေဆုံးသူအမျိုးသားမှာ  လေဖြန်းရောဂါခံစားနေရသဖြင့် တရုတ်နိုင်ငံမှ ပြန်ပို့ခြင်းဖြစ်ကြောင်း၊၄င်း၏ ဇနီးဖြစ်သူမှာ တရုတ်ပြည်နယ်စပ်မှ ပြန်လာသည့် အမျိုးသားအား သွားရောက်ယူဆောင်ကာ ရောင်စုံ ကျေးရွာသို့ ရောက်ရောက်ချင်း လင်မယား ၂ ဦးစလုံး ကွာရန်တင်း ဝင်နေခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။

“နယ်စပ်ကပြန်လာတာပါ။ နယ်စပ်ကပြန်လာတဲ့လူတိုင်းကို စစ်ဆေးချက်လုပ်ပြီးသားပါ။ အဲဒီမှာ Negative ကထွက်ပြီးသား။ မူဆယ်တို့ဖက်မှာ စစ်ပြီးသား။ စစ်ဆေးချက် ဒီမှာထပ်ယူထားတယ်။ အဖြေမသိရသေးဘူး” ဟုပြောသည်။ 

အဆိုပါစောင့်ကြည့်လူနာ သေဆုံးသွားခြင်းနှင့်  ပတ်သက်၍ ကျောက်တော်မြို့နယ်မှ ဒေသခံများ စိုးရိမ်ပူပင်လျက်ရှိနေကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိထားသူ ၁၂ ဦးအနက် ၈ ဦးမှာ ရောဂါကင်းစင်၍ သက်ဆိုင်ရာဆေးရုံများမှ ဆင်းခွင့်ရရှိခဲ့ကြပြီး ကျန်လေးဦးမှာ မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။


Share: