ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဓာတ်ခွဲစစ်ဆေးသည့်စက် စစ်တွေကို ၂ လအတွင်း ရောက်မည်


အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇူလိုင် ၁၆ /၂ဝ၂ဝ

ကိုရိုနာဗိုင်းရပ်ရောဂါပိုး စစ်ဆေးသည့်စက်မှာ စစ်တွေဆေးရုံကြီးသို့ ၂ လအတွင်း ရောက်ရှိ လာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၄င်းစက်ရောက်ရှိလာပါက ရခိုင်မှ ရန်ကုန်သို့ ပို့နေရသည့် စစ်ဆေးချက်များကို ပို့ဆောင်ရန် မလိုတော့ပဲ စစ်တွေဆေးရုံကြီးတွင် ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်    ကပြောသည်။

ဒေါက်တာစိုးဝင်းပိုင်က “  ဒီစစ်တွေဆေးရုံရဲ့ ဓာတ်ခွဲစမ်းသပ်မှု စစ်ဆေးနိုင်တဲ့ အနေအထားကို နောက်ထပ်အဆင့်မြှင့်တင်ဖို့ လုပ်နေတယ်။ ဆရာတို့လို နည်းနည်း အရေးကြီးတဲ့ နေရာတွေကိုပေးတာပါ။ အမျိုးအစားတော့မသိသေးဘူး။ စက်နဲ့ပတ်သက်လို့ အသေးစိတ်က ရောက်မှသိမယ်။ ဆရာတို့ပြည်နယ်အနေနဲ့ ဒီစက်ရောက်လာရင်တော့ တော်တော်များများ အဆင်ပြေသွားမယ်။ ရန်ကုန်ပို့ရတဲ့ အနေအထားအတွက်”ဟုပြောသည်။

အဆိုပါစက်အား တစ်နိုင်ငံလုံးထဲမှ မြို့နယ် ၁ဝ ခုကိုသာဦးစားပေး ရွေးချယ်ပေးခြင်းဖြစ်ကာ၊ ယင်းအထဲမှ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ဆေးရုံကြီးကို ဦးစားပေး စာရင်းတွင် ထည့်ခဲ့ခြင်းဖြစ်ကြောင်း   ၄င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ ကိုဗစ်ရောဂါ နမူနာစစ်ဆေးချက်နေ့စဉ် ပျဉ်းမျှ ၅ဝ ခန့်ကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့် ဆေးသုတေသန ဦးစီးဌာနတို့ကို ပေးပို့ စစ်ဆေးနေရကြောင်း ဒေါက်တာစိုးဝင်းပိုင်ကဆက်ပြောသည်။

၄င်းက “ဆရာတို့ဒီက ပို့နေတာ မြောက်ပိုင်းက၊ တောင်ပိုင်းက တစ်ခါပို့ရင် တစ်ရာ၊ နှစ်ရာပေါ့။ နေ့စဉ်တော့ ပျဉ်းမျှ နမူနာ ၅ဝ လောက်ရှိတယ်။ စက်ရောက်ရင် အဲဒါတွေကို နိုင်နိုင်နင်းနင်းနဲ့ စစ်လို့ရသွားမယ်” ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် လားရှိုးမြို့များတွင် လည်း ကိုဗစ်နိုင်တင်း  ရောဂါပိုး ဓာတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်ခဲ့ကာ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် စတင် စစ်ဆေးနိုင်နေပြီဟု မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဇူလိုင်လ ၁၅ ရက်နေ့ကထုတ်ပြန်ချက်အရ သိရသည်။

Share: