ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်တော်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတစ်ဦးတွေ့၊ ထိတွေ့သူတစ်ဦး ထွက်ပြေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6.7k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အတည်ပြု လူနာ တစ်ဦးတွေ့ရှိသည်ဟု ဇူလိုင် ၁၆ရက်နေ့ ညနေ ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် (၃၃၉) မှာ ကျောက်တော်မြို့နယ်အင်ဘာရီမူဆလင်ကျေးရွာမှ အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

၄င်းသည် နောက်ထပ် မူဆလင် ၂ ဦးနှင့်အတူ အင်ဘာရီမူဆလင်ကျေးရွာ၊ ရွာအပြင်တဲတွင် ကွာရန်တင်းဝင်နေသူ ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့က အပေါက်ဝတိုက်နယ်ဆေးရုံတွင် စစ်ဆေးချက်နမူနာယူခဲ့သူဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ကွာရန်တင်းဝင်နေသူ သုံးဦးထဲမှ တစ်ဦးတွင် ရောဂါပိုးတွေ့ရှိပြီး နောက်တစ်ဦးမှာ ထွက်ပြေးသွားကြောင်း၊ ကျန်တစ်ဦးတွင် ရောဂါပိုးမတွေ့ရှိရကြောင်း အမည်မဖော်လိုသူ ကျန်းမာရေး ဝန်ထမ်းတစ်ဦးမှ သိရသည်။

“ အခု ရောဂါပိုးတွေ့တဲ့သူက အင်ဘာရီရွာက ရွာကပါ။ သူက တစ်ခြားစက်လှေသမားတစ်ဦးနဲ့ အတူ ကျောင်းတက်ပြီး ပြန်လာတဲ့ သူတစ်ဦးကို စက်လှေနဲ့ ဘင်္ဂလာဒေရှ့်ကနေ သွားခေါ်တာလို့ သိရတယ်။ သူ့တို့စက်လှေနဲ့ အတူပါလာတာ ၃ယောက်ပါ။ ပထမတစ်ကြိမ် နမူနာ စစ်တုန်းက ၃ယောက်။ ဒုတိယ အကြိမ် စစ်တော့  ၂ယောက်ဘဲ ရှိတယ်။ ကျန်တစ်ယောက်ဖြစ်တဲ့ စက်လှေသမားက  ထွက်ပြေးသွားတယ်လို့သိရတယ်။ အဲဒီမှာ ဒုတိယ တစ်ခေါက် နမူနာ ယူရာမှာ အဲဒီ အင်ဘာရီရွာသားမှာ Positive တွေ့တာ”ဟု ၄င်းကျန်းမာရေးဝန်ထမ်းကပြောသည်။

၄င်းတို့ ၃ ဦးမှာ ဇွန်လ နောက်ဆုံးအပတ်ထဲတွင် ရခိုင်သို့  ဘင်္ဂလာဒေရှ့်မှ ပြန်လည် ဝင်ရောက် လာသူများ ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦး က" သူက ကျောင်းသားကို သွားခေါ်တာ။ အခု ရောဂါပိုးတွေ့တဲ့တစ်ယောက်က။ စက်လှေသမားတစ်ယောက်ပါတယ်။ သူတို့ သုံးယောက်ကို ပထမတစ်ကြိမ် စစ်ထားတယ်။ ရောဂါပိုးမတွေ့ဘူး။ နောက်တစ်ကြိမ်စစ်တဲ့အချိန်မှာ။ စက်လှေသမား မရှိတော့ဘူး။  ၂ယောက်ဘဲ စစ်လိုက်ရတယ်။ အခုသွားခေါ်တဲ့ရွာသားမှာတွေ့တာ" ဟုပြောသည်။

ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိတစ်ဦးက “ အင်ဘာရီရွာကလို့သိရတယ်။ အဲဒီရွာမှာ ကွာရန်တင်း ဝင်နေတာ ၁၈ ရက်၊၁၉ ရက်လောက်ရှိပြီ။ ဆရာဝန်ကြီးတော့ လှမ်းမေးနေတယ်။ အခုအသေးစိတ် မသိရသေးဘူး” ဟုပြောသည်။

ယမန်နေ့ တွေ့ရှိသည့် လူနာအား မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူနှင့် ထိတွေ့ခြင်းမရှိ၊ ပြည်ပ ခရီးသွားမှတ်တမ်းမရှိဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာ ၁၅ ဦး ရှိပြီး ထိုအထဲတွင် မောင်တောတွင် ၉ ဦး၊ ဘူးသီးတောင် ၂ ဦး၊ တောင်ကုတ် ၁ ဦး၊ စစ်တွေ ၁ ဦး၊ သံတွဲ ၁ ဦးနှင့် ကျောက်တော် ၁ ဦးတို့ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းအရ သိရသည်။ ထိုအထဲမှ ၈ ဦးမှာ ရောဂါသက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့် ရသွားပြီဟု သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁၆ ရက် ညနေ ၈ နာရီ ရောဂါပိုးတွေ့ရှိသူ ၃၃၉ ဦးရှိပြီး ပိုးတွေ့၍ ပြန်လည်သက်သာသူမှာ ၂၇ဝ ဦးရှိကာ သေဆုံးသူ ၆ ဦးရှိသည်။ ပိုးတွေ့လူနာမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄၃ ဦး၊ ကရင်ပြည်နယ်တွင် ၂၅ ဦး၊ ရခိုင် ၁၅ ဦး၊ ချင်း ၁၁ ဦး၊ ရှမ်း ၁ဝ ဦး၊ စစ်ကိုင်းနှင့် ပဲခူးတွင် ၉ ဦး၊ မန္တလေး၊ မကွေးနှင့် မွန်တွင် ၃ ဦး၊ နေပြည်တော်၊ ကချင်နှင့် ဧရာဝတီတွင် ၂ ဦးစီ၊ တနင်္သာရီတွင် တစ်ဦးတို့ ဖြစ်ကြသည်။ 

 


ဆက်စပ် သတင်းများ