သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် တိုက်ပွဲဖြစ်၍ အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ အနီးတွင် ယမန်နေ့ ည ၉ နာရီခန့်က တိုက်ပွဲ ဖြစ်ပွား၍ ချင်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူ အမျိုးသမီးမှာ ဖားပြို (ချင်း) ကျေးရွာမှ အသက် (၄ဝ) ကျော်အရွယ် ဒေါ်မတင်ကြည် ဖြစ်သည်။ 

ရပ်ရွာလူကြီး တစ်ဦးဖြစ်သူ ဦးကျော်တင်အောင်က “သူက အဲဒီအချိန်က သူ့အိမ်မှာ။ နောက်ဖေးကို ည ၉ နာရီလောက်မှာ သွားတာပေါ့။ အဲဒီမှာ သေနတ်ကျည်က လာကျတာ။ ဘယ်ဘက်က လာကျမှန်းတော့ မသိဘူး။ ဒဏ်ရာက စိုးရိမ်ရပါတယ်။ အဲဒီအချိန်တုန်းက ရွာရဲ့ တစ်ဖက်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။ 

သူမ၏ ကျောကုန်းတွင် ရရှိသော ဒဏ်ရာမှာပြင်းထန်သဖြင့်  ယနေ့ နံနက် ၇ နာရီခန့်က မင်းပြားဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဦးကျော်တင်အောင်က ပြောသည်။

ယမန်နေ့ ည ၉ နာရီခန့်က အဆိုပါ ဖားပြိုကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဖားပြို (ချင်း) ကျေးရွာမှ နောက်ထပ် ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးရွှေကျော်တင်က ပြောသည်။

“တိုက်ပွဲက အဲဒီအချိန် ည ၉ နာရီကတည်းက စဖြစ်တာ။ မနက် ၅ နာရီလောက်အထိ ကြိုကြား ကြိုကြား လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ရော ပစ်သံတွေကြားတယ်။ ကျွန်တော်တို့ရွာသားတွေ အဲဒီ အချိန်တုန်းက သေနတ်သံကြားတာနဲ့ အိမ်ပေါ်က အောက်ကိုဆင်းတယ်။ အောက်မှာ ပုန်းခိုမယ့်  နေရာရှာတယ်။ ပြီးတော့ ကလေးတွေနဲ့ ပုန်းကြတယ်။ ခဏနေတော့ အခြေနေမကောင်းဘူးဆိုပြီး ရွာက စာသင်ကျောင်းကို ပြေးကြတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဒေါ်မတင်ကြည်မှာ လက်နက်ကျည်ကျမှုကြောင့် ဆေးရုံတင်ထားရသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။ 

အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်း ထုတ်ပြန်သည်။ 

သတင်းထုတ်ပြန်ချက်ထဲတွင် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်များ စီးနင်းလာသော တပ်မတော်အုပ်ချုပ်မှုယာဉ်တန်း တစ်ခုကို AA အဖွဲ့များက ယမန်နေ့ ည ၉ နာရီခန့်တွင် ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီး နေရာ ၆ နေရာမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။


ဆက်စပ် သတင်းများ