သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်တွင် ပထွေးဖြစ်သူရိုက်၍ အသက် ၃နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ကမားအုပ်စု၊ ဘုတ်တောင်ကျေးရွာတွင် ပထွေးဖြစ်သူ၏ ရိုက်၍ အသက် ၃ နှစ်ခွဲအရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ မိန်းကလေးငယ်မှာ ဘုတ်တောင်ကျေးရွာမှ ဒေါ်ဇင်မာဝင်း၏ သမီးဖြစ်သူ မမွှေးယေ ဖြစ်သည်။

သူမ၏ မိခင်ဖြစ်သူ ဒေါ်ဇင်မာဝင်း၏ နောက်ယောက်ျားဦးတင်ဝေလှိုင် (၂ဝ) နှစ်၏ ရိုက်နှက်မှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း ကမားအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းရွှေက ပြောသည်။

ဦးအုန်းရွှေက “ဖြစ်စဉ်ဖြစ်တဲ့နေ့က ဇင်မာဝင်းက အိမ်မှာ မရှိဘူး။ လယ်ကိုသွားတယ်။ ညနေ ၆ နာရီလောက်မှာပေါ့။ အိမ်မှာက သူ့သမီးနဲ့ သူ့နောက်ယောကျာ်းကျန်ခဲ့တာပေါ့။ အဲဒီမှာ ဇင်မာဝင်း လယ်က ပြန်လာတော့ အိမ်မှာ သူ့သမီးကို ခေါင်းကွဲဒဏ်ရာတွေနဲ့ တွေ့တယ်ပေါ့။ အဲဒီမှာ ဆေးရုံကို တင်တော့ လမ်းမှာ ကလေးမက ဆုံးသွားတယ်။ ဘယ်လိုဖြစ်တာလဲ စစ်ဆေးတော့ ယောကျာ်းဖြစ်သူက ဆိတ် ချို နဲ့ ထိုးလိုက်တာ၊ ကျုံးလိုက်တာလို့ပြောတယ်။ ကလေးမကို မုဒိမ်းမှုဖြစ်သွားလားလို့ အများက ဝေဖန်ကြတော့ ကျွန်တော်တို့ အဲဒီဇင်မာဝင်းယောကျာ်းကို သေချာမေးမြန်းကြတော့ သူက မုဒိမ်းကျင့်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကလေးမကို သူရိုက်လိုက်တာလို့ ဝန်ခံတယ်။ သူ့မိန်းမ ဇင်မာဝင်းက ကလေးမကို ဆိတ် ချိုနဲ့ ထိုးလိုက်တာလို့ ပြောခိုင်းလို့ သူလည်း အဲဒီလို ပြောခဲ့တာလို့ ဝန်ခံခဲ့တယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အမျိုးသမီးငယ်အား မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးရာ မုဒိမ်းမှုဖြစ်နိုင်ခြေရှိသည့် လက္ခဏာအချို့တွေ့ရကြောင်း၊ ယမန်နေ့ နေ့လယ်ပိုင်းက အလောင်းအား မာန်အောင်မြို့ သင်္ချိုင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း ဦးအုန်းရွှေက ဆက်ပြောသည်။

မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာစောမင်းက “မုဒိမ်းမှု မြောက်/ မမြောက်ကို သိရဖို့ အတွက် မအင်္ဂါကထွက်တဲ့ အရည်ကြည်တွေကိုတော့ ရန်ကုန်က ဓါတ်ခွဲရုံကို ဒီနေ့ ပို့ပေးထားလိုက်ပါတယ်။ အခု လောလောဆယ်ကတော့ မုဒိမ်းကျင့်ခံရ၊ မခံရကိုတော့ ကျွန်တော်တို့ ဆုံးဖြတ်လို့ မရသေးဘူး။ နောက်တစ်ပတ်လောက်ဆိုတော့ သိရမယ်ထင်တယ်။ အဲဒီအခါကျမှ သေသေချာချာ ထင်မြင်ချက်ပေးလို့ ရပါမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်၏ အလောင်းအား ခွဲစိတ်ကြည့်ရာ ဦးနှောက်၌ ပြင်းထန်သည့် ဒဏ်ရာရရှိထားကြောင်း၊ ဘယ်ဘက်နားထင်၌ ညိုမဲဒဏ်ရာတစ်ခုရရှိထားကြောင်း ဒေါက်တာ စောမင်းက ဆက်ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဦးတင်ဝေလှိုင်အား မာန်အောင်မြို့နယ် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ်မှ ဆားချက်ရဲစခန်း၌ တိုင်ချက်ဖွင့်ဆိုထားကြောင်း ဦးအုန်းရွှေ၏ ပြောပြချက်အရ သိရသည်။

ဆားချက်ရဲစခန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိခဲ့ပါ။


ဆက်စပ် သတင်းများ