စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးမြို့မြောက်ဘက် ၂မိုင်ခန့်အကွာတွင်တိုက်ပွဲဖြစ်၊ ကားအသွားအလာယာယီရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၃ဝ/၂ဝ၂ဝ

မြောက်ဦးမြို့မှ ကျောက်တော်ဘက်သို့ အထွက် မြောက်ဦးမြို့နှင့်အုတ်ဖော်ကန်ကျေးရွာအကြားတွင် ယနေ့နံနက် ၅ နာရီကျော်မှ စပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်တွေ-ရန်ကုန်ကားလမ်းပေါ်တွင် ကားအသွားအလာ ယာယီရပ်ဆိုင်းနေသည်ဟု သတင်းရရှိသည်။

အနီးအနားရှိ ဒေသခံ တစ်ဦးက “ စလို့ ပစ်ခတ်သံကြားတာက ၅ နာရီ ၂၅ မိနစ်လောက်မှာကြားရပါတယ်။ အခု နံနက် ၉ နာရီခွဲထိ ကြားနေရပါတယ်။ ဖြစ်တာက မြောက်ဦးဘက်က ထွက်လာတဲ့ စစ်ကြောင်းနဲ့ အုတ်ဖော်ကန် အနီးမှာ အေအေနဲ့ ဖြစ်ကြတယ်လို့ကြားရပါတယ်။ အသေးစိတ်တော့ မသိရဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသဖြင့် ရန်ကုန်- စစ်တွေကားလမ်း တစ်ဘက်တစ်ချက်တွင် ကားများသွားလာ၍ မရဘဲ ယာယီပိတ်သွားသည်ဟု သိရသည်။

ဝေသာလီကျေးရွာသို့ နံနက် ၁ဝ နာရီက ဆက်သွယ်ရာ အမျိုးသမီးတစ်ဦးက “ မနက် ၅ နာရီခွဲလောက်မှာ သေနတ်သံတွေ စကြားရတယ်။ အုတ်ဖော်ကန် အနီးအနားက ကြားရပါတယ်။ အခု မနက် ၁ဝ နာရီထိုးပါပြီ။ ပစ်သံတွေတော့ ကြားနေရပါတယ်။ ရွာကလူတွေလည်း ကြောက်ပြီး ထွက်ပြေးသူ ထွက်ပြေးသွားကြပါပြီ။ ကားလမ်းမှာ ကားတွေသွားတာ မတွေ့ရဘူး” ဟု ပြောသည်။ 

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် တိုက်ပွဲဖြစ်နေသည်မှာ ဟုတ်မှန်ကြောင်း၊ မြောက်ဦးမြို့ မြောက်ဘက် တစ်မိုင်ကျော် နှစ်မိုင်ခန့် အကွာတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖြစ်ပွားသည့်နေရာမှာ ရန်ကုန်-စစ်တွေကားလမ်း မြောက်ဦးနှင့် အုတ်ဖော်ကန်ကျေးရွာအကြားတွင် ဖြစ်ပွားသည်ဟု သိရှိရကြောင်း၊ နံနက် ၅ နာရီ မိနစ် ၃ဝက စဖြစ်သည်ဟု သိရကြောင်း ပြောကြားသည်။ 

(ဓာတ်ပုံ- Than Tun)


ဆက်စပ် သတင်းများ