သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် မဲစာရင်းမပါ၍ လျှောက်ထားသူ ၁၆ဝဝ ကျော်နှင့် ကန့်ကွက်သူ ၆ဝဝ ကျော်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂတ်စ် ၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇူလိုင်လ ၃ဝ ရက်နေ့ထိ မဲစာရင်းတွင် နာမည်မပါ၍ ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၁၆၄၄ ဦးရှိနေပြီး မပါဝင်သင့်သည့် လူများ ပါဝင်နေသဖြင့် ပုံစံ(၄) ဖြင့် ကန့်ကွက်သူ ၆၅၅ ဦးထိရှိကြောင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။

“ ကျွန်တော်တို့ဆီကို မဲစာရင်းမှာ နာမည် မပါတဲ့ အတွက် လျှောက်ထားသူက ဒီလ ၃ဝ ရက်နေ့ထိ ပုံစံ(၃) နဲ့ လျှောက်ထားတာက ၁၆၄၄ ဦးရှိပါတယ်။ မပါဝင်သင့်တဲ့လူတွေ ပါဝင်နေတဲ့ အတွက် ပုံစံ (၄) နဲ့ ကန့်ကွက်တာ ၆၅၅ ဦးရှိပါတယ်” ဟု ဦးသူရိန်ထွဋ်က ပြောသည်။ 

မပါဝင်သင့်သည့်လူများ ပါဝင်နေသဖြင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူများကို စိစစ်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

မဲစာရင်းအထဲတွင် သေဆုံးနေသူများ၏ အမည်များပါဝင်နေပါကလည်း ပုံစံ (၄) ဖြင့် ဖြည့်ပြီး ကန့်ကွက်နိုင်သည်ဟု သိရသည်။

မဲစာရင်းတွင် နာမည် မပါသူများအနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် လျှောက်ထားနိုင်ပြီး အကယ်၍ နေရပ်ပြောင်းရွှေ့နေထိုင်သူများဖြစ်ပါက ယခင်မိမိနေထိုင်ရာ ဒေသတွင် မဲစာရင်းများ ပါမပါကို သွားရောက်ကြည့်ရှုရမည်ဟု ဆိုသည်။

“ အခု မိမိနေထိုင်တဲ့ နေရာမှာ ကပ်ထားတဲ့ မဲစာရင်းမှာ နာမည် စာရင်းမပါရင် အရင်နေခဲ့တဲ့နေရာမှာ သွားကြည့်။ အကယ်၍ ပါတယ်ဆိုရင် ဒီမှာ ပြောင်းရွှေ့ နေထိုင်တာ ရက်ပေါင်း ၉ဝ ပြည့်ပြီဆိုရင် အခုနေထိုင်တဲ့နေရာမှာ အထောက်အထားတွေနဲ့ ပြန်လျှောက်လို့ရပါတယ်။ ဒီနေရာသစ်မှာ ပြောင်းရွှေ့နေထိုင်တာ ရက်ပေါင်း ၉ဝ မပြည့်သေဘူးဆိုရင် မဲစာရင်း ပြောင်းရွှေ့လျှောက်ထားလို့ မရဘူး။ ယခင်နေရာမှာဘဲ မဲသွားထည့်ရမယ်” ဟု ဦးသူရိန်ထွဋ်က ဆက်လက်ပြောဆိုသည်။ 

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ မီးလောင်ကွင်းတွင်နေထိုင်သူများ အနေဖြင့်လည်း စက်ရုံစုရပ်ကွက်မဲစာရင်းတွင် မပါဝင်ပါက ယခင်နေထိုင်ခဲ့သော ရပ်ရွာများသို့ သွားရောက်ကြည့်ရှုပြီး မဲစာရင်းနာမည်ပါပါက ယခု နေရာတွင် ရက်ပေါင်း ၉ဝ ကျော်နေထိုင်သူဖြစ်ပါက အထောက်အထားနှင့် ပြန်လျှောက်ထားနိုင်သည်ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်တွင် လာမည့် ရွေးကောက်ပွဲတွင် လူပေါင်း တစ်သန်းခြောက် သိန်းလေးသောင်းကျော် မဲပေးခွင့်ရရှိကြမည်ဖြစ်သည်။ 


ဆက်စပ် သတင်းများ