နိရဥ္စရာ၊ သြဂုတ်၂/၂၀၂၀ (နိုင်ငံတကာ)
အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင် ပြီးခဲ့သည့်ရက်များအတွင်းက အဆိပ်အတောက်ဖြစ်စေသော အရက်ပုန်းများကို သောက်ပြီးနောက် လူ ၈၀ ကျော်သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားသည်။
သေဆုံးသူများမှာ အိန္ဒိယမြောက်ပိုင်းခရိုင် ၃ ခုမှ ဖြစ်ပြီး ရဲတပ်ဖွဲ့က လူပေါင်း ၂၅ ဦး ကိုဖမ်းဆီးထားသည်ဟု လည်း အိန္ဒိယသတင်းစာ The Press Trust of India က ဖော်ပြသည်။
အိန္ဒိယတွင် နှစ်စဉ်ရာနှင့်ချီသော လူများသည် အဆိပ်အတောက်ဖြစ်စေသော အရက်များကို သောက်သုံး၍ သေနေကြပြီး ၎င်းအဆိပ်အတောက်ဖြစ်သော အရက်များကို လမ်းဘေးအရက်ချက်စက်ရုံများမှ ထုတ်လုပ်ကာ တစ်လီတာကို အိန္ဒိယ ၁၀ ရူပီ (အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၃ ဆင့်) ဖြင့် ရောင်းချကြသည်ဟု ဆိုသည်။
တာဝန်ရှိသူတစ်ဦးက AFP သို့ပြောကြားရာတွင် Gurdaspur ခရိုင်တွင်လူ ၁၁ ယောက်သေဆုံးခဲ့ကြောင်း၊ Press Trust မှ ပြောကြားရာတွင် အိမ်နီးချင်းအမ်ရီသရာခရိုင်တွင် ၁၂ ဦး နှင့် Tarn Taran တွင် ၆၃ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြသည်။
မကြာသေးမီရက်များအတွင်း တစ်ခြားသံသယဖြစ်ဖွယ်ရာ သေဆုံးမှုများကို ရှိခဲ့သော်လည်း အလောင်းများကို ဆေးရုံများတွင် စစ်ဆေးမှုတစ်စုံတစ်ရာမရှိဘဲ မီးသင်္ဂြိုဟ်ထားသောကြောင့် သက်သေမပြနိုင်ဟု ဖော်ပြသည်။
ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Amarinder Singh က သေဆုံးမှုနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရန် အမိန့်ပေးထားကြောင်း သိ၇သည်။
အိန္ဒိယ Express သတင်းစာက လူတစ် ဦးသည်တရားမဝင် အရက်များ သောက်သုံးပြီး Amritsar ခရိုင်တွင် သေဆုံးခဲ့ကြောင်း သံသယရှိနေပြီး သူ၏ ဇနီးသည်မှာ အရက်ရောင်းချမှုကြောင့် အဖမ်းခံခဲ့၇သည်ဟု ဖော်ပြသည်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းရှိ အာဏာပိုင်များက သောကြာနေ့က ထုတ်ဖော်ပြောဆိုရာတွင် လူ ၉ ဦးသည် အရက်ပျံပါဝင်သော လက်ဆေးရည်/ လက်ဆေးဂျဲ (Sanitizer) အရည်များကို သောက်ပြီးနောက် သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြား ခဲ့သည်။
၎င်းသူများသည် အိန္ဒိယတွင် Coronavirus ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အရက်ရောင်းချမှုကို ပိတ်ပင် ထားစဉ်အတွင်း အရက်အစား ထိုအရက်ပျံပါသော လက်ဆေးရည်များကို သောက်သုံးခဲ့ရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။
(ဓာတ်ပုံ- ကိုဗစ်ကာလ အရက်ဝယ်ရန် တန်းစီနေသူများကို အိန္ဒိယတွင် တွေ့၇စဉ်)
(Over 80 killed by bootleg alcohol in India/ The Independent)