Preview

ကျောက်တော်မြို့နယ် ကျောက်တစ်လုံးရွာထဲလက်နက်ကြီးကျည်ကျ၍ ထိမှန်ဒဏ်ရာသူ ၄ ဦးထဲမှ ၃ ဦးကို စစ်တွေဆေးရုံသို့ ယူဆောင်

သြဂုတ် ၀၃/ ၂၀၂၀ | ကြည့်ရှုသူ :4686
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဩဂုတ်၃/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအတွင်းသို့ ယနေ့ နံနက် ၉ နာရီက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲ၍ ရွာသား ၄ ဦးဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ၃ ဦးမှာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ယူဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေဆေးရုံသို့ ယူဆောင်သွား၇သူ ၃ ဦးမှာ ကျောကုန်းတွင် ဒဏ်ရာရရှိသူ ဦးကျော်သိန်းဦး(၃၅) နှစ်၊ ပေါင်ရင်းတွင် ထိမှန်ဒဏ်ရာ၇သူ ဒေါ်လှသန်းယဉ် (၃၅) နှစ်နှင့်  ခါးစတွင် ကျည်စထိမှန်သူ ဒေါ်အေးနုယဉ်(၄၅) တို့ဖြစ်ကြသည်။

ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသနေရသူမှာ ခြေထောက်နှင့် လက်ဖဝါးတွင် ဒဏ်ရာရရှိသူ ဦးစောသန်းမောင် (၅၀) နှစ် ဖြစ်သည်။

ရွှေဂရုဏာလူမှုကူညီရေး အသင်းမှ ဦးဘိုအောင်သိန်းက “  ကျွန်တော်တို့ အဖွဲ့ကို ကူညီတောင်းတဲ့ အတွက် ကားနဲ့ သွားရောက်ယူဆောင်ပြီးကျောက်တော်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ မနက် ၉ နာရီလောက်မှာ လက်နက်ကြီးကျည်က အိမ်နှစ်ဆောင်ကြားထဲကျတယ်လို့ သိရပါတယ်။ ဘယ်က ပစ်တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ မမြင်ရတဲ့ အတွက် မပြောနိုင်ပါ။ ကာယကံရှင်တွေကို ကိုယ်တိုင် မေးကြည့်ရင် ကောင်းပါမယ်။ ထိခိုက်ဒဏ်ရာ၇တာက ၄ ဦးပါ။ ဒီအထဲက ၃ ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံကို ယူဆောင်သွားပါပြီ” ဟု ပြောကြားသည်။

ကျည်ထိမှန်သူများကို ကိုယ်တိုင်ပါဝင်ပြီး သွားယူခဲ့သူ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက စစ်တွေသို့ ယူဆောင်သူ သုံးဦးထဲတွင် အမျိုးသားဖြစ်သူ ဦးကျော်သိန်းဦးတွင် ကျည်စ အနည်းငယ် အထဲကို ဝင်သွား၍ စိုးရိမ်ရကြောင်း၊ ကျန်အမျိုးသမီးနှစ်ဦးမှာ အသက်ဘေးစိုးရိမ်စရာမရှိဟု ဆရာဝန်ကြီးက ပြောကြောင်း နိရဉ္စရာသို့ ပြောကြားသည်။

“ ဖြစ်တာက ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ သရက်တစ်ပင်ရွာအနီး တပ်ရင်း ၃၇၆ နဲ့ သိန်းတန်ရွာကြား၊ ပျိုးဥယျာဉ်တွေရှိတဲ့ နေရာမှာ မိုင်းတစ်လုံးကွဲတယ်လို့ သိရပါတယ်။ ရွာသားတွေပြောတာကတော့ အဲဒီဘက်က လက်နက်ကြီး တစ်လုံး လာတယ်လို့ ပြောတယ်။ အိမ်ဝင်းထဲကျပြီး လင်မယားနှစ်ယောက်ကို လာထိတယ်။ အိမ်ဘေးနားက နောက်ထပ် နှစ်ယောက်ကိုလည်း ကျည်စတွေလာထိတယ်လို့ ပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်သွားယူပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဆရာဝန်ကြီးပြောတာကတစ်ယောက်က နည်းနည်း ဒဏ်ရာပြင်းတယ်လို့တော့ ပြောပါတယ်” ဟု ပြောဆိုသည်။

ကျောက်တစ်လုံးကျေးရွာက ဆွေမျိုးတော်စပ်သူ အရပ်လူကြီးတစ်ဦးဆက်သွယ်ရာ ဖုန်းမကိုင်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိသေးပါ။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှုမှာ ၂၅၀ ကျော်ရှိသွားပြီဖြစ်ကာ ဒဏ်ရာရရှိသူမှာ ၆၀၀ နီးပါးရှိသွားပြီဟု ရခိုင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိ၇သည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.