မြို့ပြင်မှ သေနတ်ပစ်ခတ်သံများကြား၍ မြောက်ဦးမြို့ထဲရှိ ရွှေဆိုင်၊စျေးဆိုင်များပိတ်သွားခဲ့ဟုဆို


နိရဥ္စရာ၊ သြဂုတ် ၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြင် ကိုးသောင်းပုထိုးတော်ဘက်မှ သေနတ်ပစ်ခတ်သံများကြားရ၍ မြောက်ဦးမြို့ပေါ်ရှိ ရွှေဆိုင်များ၊ စျေးဆိုင်ပိတ်ထားလိုက်သည်ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

“ သေနတ်သံတွေက ၁၁ နာရီပတ်ဝန်းကျင်လောက်မှာ စကြားရတယ်။ မြို့ပြင် ကိုးသောင်းဘက်လောက်က ကြားရတယ်။ မြို့ပေါ်က ရွှေဆိုင်၊ စျေးဆိုင်၊ ဖုန်းဆိုင်တွေ ပိတ်သွားတယ်။ စျေးထဲက ဆိုင်တွေလည်း ပိတ်သွားတာပေါ့” ဟု ၎င်းဒေသခံက ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွား၍ ပစ်သလား၊ မည်သည့်အတွက်ကြောင့် ပစ်သည်ကို မြို့ထဲနေသူများ အနေဖြင့် သိရှိရန် မလွယ်ကူဟု ပြောဆိုသည်။

မြောက်ဦးဒေသခံ ဦးစောဖြူသိန်းကလည်း မြို့ပြင်တွင် မိုင်းပေါက်ကွဲသည်ဟု ကြားသိရကြောင်း၊ စျေးဆိုင်များအားလုံးပိတ်သွားကြောင်း ပြောကြားသည်။ 

နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ မြောက်ဦးမြို့၊ ဘီလူးကန်၊ ချင်းပျံတောဝင်ဝရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ ပထမ မိုင်းတစ်လုံးပေါက်သံကြားပါတယ်။ အဲဒီနောက် လက်နက်ငယ်တွေနဲ့ ပစ်သံကြားပါတယ်။ လက်နက်သံကြားရတာက ကျွန်မတို့နဲ့ နီးနီးလေးပါ။ မနက် ၁၁ နာရီကျော်လောက် ဖြစ်နေကြတာပါ။  ရွှေဂူတောင်အဝနားက တောင်တွေ၊ ဇောတိသာရကျောင်းနဲ့ အဖိုးရှင် ဘီလူးရှိတဲ့ စင်္ကြာမာန်အောင်အနားက တောင်တွေကနေ ပစ်နေကြတာပါ။ တိုက်ပွဲလား၊ သူတို့သက်သက် ပစ်နေကြတာလား မသိဘူး။ တစ်နာရီလောက်တော့ ကြားလိုက်ရပါတယ်” ဟု ပြောကြားသည်။

၎င်းအနီးအနားရှိ ကျေးရွာသားများမှ ရွာက ထွက်ပြေးခြင်းမရှိကြောင်း၊ ကိုယ့်အိမ်ထဲတွင် ကိုယ်နေကြေကြောင်း၊ ပစ်ခတ်သံများရပ်သွားပြီး တစ်နာရီခန့်အကြာတွင် လူများသွားလာနေသည်ကို တွေ့ရကြောင်း ၎င်းအမျိုးသမီးက ပြောကြားသည်။ 

မြောက်ဦးမြို့အနီးဝန်းကျင်တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင်လ ၃ဝ ရက်နေ့ကလည်း မြောက်ဦးမြို့မှ ကျောက်တော်ဘက်သို့ အထွက် မြောက်ဦးမြို့နှင့် အုတ်ဖော်ကန်အကြားတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲ တစ်နေ့ကုန် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။


Share: