Preview

ဘူးသီးတောင်မြို့နယ်မှ ခမီးတိုင်းရင်းသား ၈၀ ကျော် သေနတ်သံများကြောင့် ရွာကို စွန့်ခွာထွက်ပြေး

သြဂုတ် ၀၆/ ၂၀၂၀ | ကြည့်ရှုသူ :9223
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၆/၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တရဂူ ကျေးရွာမှ ခမီးလူမျိုး ၈၀ ကျော်ခန့်သည် ရွာအနီးက သေနတ်သံများထွက်ပေါ်လာသဖြင့် သူတို့နေထိုင်ရာ ကျေးရွာကို စွန့်ခွာပြီး ထွက်ပြေးလာကြသည်ဟု သတင်းရရှိသည်။ 

တရဂူ ကျေးရွာမှ ရပ်မိ ရပ်ဖ ဦးထွန်းသာဖြူက“ မနေ့က တပ်မတော် စစ်ကြောင်းတစ်ခုရောက်ပါတယ်။ ရွာအနီး သေနတ်ဖောက်တယ်။ တိုက်ပွဲတွေဖြစ်တယ်။ ဒါနဲ့ သေနတ်သံကြားတော့ တစ်ရွာလုံး ထွက်ပြေး လာကြလာပါတယ်။ အခုသရဖီကျေးရွာကို ရောက်နေကြပါတယ်” ဟု ပြောကြားသည်။

လောလောဆယ်တွင် သရဖီ ကျေးရွာတွင် လေးငါးရက်လောက် နေမည်ဖြစ်ကြောင်း၊ အခြေအနေကောင်းပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြပြီး ပြန်ခွင့်ရက ရွာကို ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ လောလောဆယ် ကျွန်တော်တို့ရွာက လူပေါင်း ၈၀ ကျော် ထွက်ပြေးလာကြပါတယ်။ အကူအညီ လိုအပ်နေပါတယ်။ စားဝတ်နေရေး အခက်အခဲ ပါ။ အိမ်ကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြပါတယ်။ ဘာမှလည်း ပါမလာဘူး။ ဆန်၊ အဝတ်အစား၊ စောင် ဘာမှ ပါမလာပါဘူး” ဟု ဦးထွန်းသာဖြူက ပြောကြားသည်။

တရဂူ ကျေးရွာတွင် အိမ်ခြေ ၂၅ ဆောင်ခန့်သာရှိပြီး ခမီးလူမျိုးများနေထိုင်ကြကြောင်း၊ အနီးအနားရှိ သရဖီကျေးရွာနှင့် မိနစ် ၂၀ခန့်သာ ခြေဖြင့် သွားရသဖြင့် သရဖီကျေးရွာသို့ ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း၊ တရဂူ ချောင်းဖျားတွင် စစ်ကြောင်းတက်နေပြီး သေနတ်ပစ်ခတ်သံများကြားရကြောင်း၊ သို့်အတွက် ကြောက်ပြီးထွက်ပြေးလာကြခြင်းဖြစ်ကြောင်း တစ်ခြားတရကူရွာသားတစ်ဦးဖြစ်သူ ဦးမောင်စိန်ကျော်က ပြောကြားသည်။

“ကျွန်တော်တို့ မွေးထားတဲ့ ကျွဲ၊နွားတွေ၊ ကြက်တွေ အကုန်လုံးရွာမှာကျန်နေခဲ့ပါတယ်။ မနေ့က ညနေ ၃နာရီလောက်မှာ သေနတ်သံတွေကြားတော့ ထွက်ပြေးလာကြပါတယ်။ အခု သရဖီရွာထဲက အိမ်တွေမှာ ခွဲဝေပြီးနေထိုင်နေကြပါတယ်” ဟု ပြောကြားသည်။ 

သရဖီကျေးရွာလူကြီးတစ်ဦးကလည်း သူတို့ရွာသားများအနေဖြင့် တစ်အိမ်ချင်းလိုက် ဆန်များကောက်ခံပြီး ကျွေးမွေးထားကြောင်း၊ သရဖီ ကျေးရွာသားများအနေဖြင့်လည်း ကိုယ်တိုင် တိုက်ပွဲဖြစ်မည်ကို ကြောက်နေကြ၇ကြောင်း၊ ယနေ့မည်သို့ ဖြစ်လာမည်ကို အခြေအနေကို ကြည့်နေကြကြောင်း ပြောကြားသည်။ 


#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.