သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူနှင့်ယောက်ဖဖြစ်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ၅၂(က)ဖြင့်စွဲချက်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

နိရဥ္စရာ၊ သြဂုတ်၈/၂ဝ၂ဝ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မယမင်းမြတ်(ခ)မိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ၅၂(က)ဖြင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် သြဂုတ်လ ၆ ရက်နေ့က စွဲချက်တင်ခဲ့သည်ဟု သတင်းရရှိသည်။ 

အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ခဲ့သော ရာဇဝတ်ကြီးအမှုအမှတ် ၁၂၇/၁၉ အမှုတွင် စစ်ဆေးခံရသူ မယမင်းမြတ် အပေါ်တွင်လည်းကောင်း၊ ကိုကျော်နိုင် အပေါ်တွင်လည်းကောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၂(က) ဖြင့် သြဂုတ်လ ၆ ရက်နေ့က စွဲချက်တင်ခဲ့ကြောင်း၊ စွဲချက်တင်ပြီးနောက် ခုံးရုံးအဖွဲ့က အပြစ်ရှိ/မရှိ မေးမြန်းသောအခါ စွပ်စွဲခံရသူများက အပြစ်မရှိကြောင်း ထုချေကြကြောင်း အနောက်ပိုင်းခရိုင် တရားရုံးပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက မီဒီယာများသို့ ပြောကြားသည်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ပြန်လာသည့် ကိုကျော်နိုင်နှင့် သမီးဖြစ်သူတို့အား မယမင်းမြတ်မှ အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာကြိုစဉ် ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းရဲစခန်းတွင် အောက်တိုဘာ ၂ဝ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်သည်။

၂ဝ၁၉ ခုနှစ် စက်တင်ဘာလအတွင်းက မန္တလေးမြို့တွင် လူခြောက်ဦးကို ဖမ်းဆီးခဲ့ရာ အဆိုပါအမှုမှ တိမ်းရှောင် နေသည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြေ့သာစည်မြို့နယ်၊ အမှတ်(၁၁) ရဲစခန်း၊ (ပ)၅၃၄/၂ဝ၁၉ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(စျ)၊ ၅၁(ဂ) အမှုမှ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည့် AA အဖွဲ့ဝင် မောင်မောင်စိုးနှင့် ကိုကျော်နိုင်(၄၁) သည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် တွေ့ဆုံခဲ့ပြီး ငွေကြေး ထောက်ပံ့သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ကိုကျော်နိုင်သည် မောင်မောင်စိုးနှင့် ဆက်သွယ်၍ သြဂုတ် ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သူ ကိုကျော်နိုင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ (ခ)၊(ဂ) အရေးယူပေးရန် တိုင်ကြားခဲ့ပြီး မရမ်းကုန်းမြို့နယ်တရားရုံးက ပုဒ်မ ၅၂(က) ဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

လာမည့်ရုံးချိန်းတွင် တရားလို ဒုရဲမှူးခိုင်မင်းနှင့် တရားလိုပြသက်သေ ရဲအုပ်တစ်ဦးတို့အား ပြန်ခေါ်သက်သေများအဖြစ် ဆက်လက်စစ်ဆေးမည်ဟု တရားရုံးပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက ပြောသည်။ 

၎င်းအမှုအား ယခင်က မရမ်းကုန်းမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သော်လည်း တရားလို ဒုရဲမှူးခိုင်မင်းက လျှောက်ထားသဖြင့် ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရုံးတွင် စစ်ဆေးနေကြောင်း သိရသည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ၅၂(က)၏ ပြစ်ဒဏ်မှာ ထောင် ၃ နှစ်မှ ၇နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ရှေ့နေ ဦးဇော်ဇော်မင်းက ပြောကြားသည်။ 

(Photo by Irrawaddy) 


ဆက်စပ် သတင်းများ