ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ သြဂုတ် ၁၂ / ၂၀၂၀
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် တရားစွဲခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဆားပြင်ကျေးရွာ ၇ခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးပြုံးချိုအပါအဝင် ၅ ဦးကို ယနေ့ ညနေတွင် တောင်ကုတ်မြို့နယ် တရားရုံးမှ စွဲချက်မတင်မီ ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
ယနေ့ ပြန်လည်လွတ်မြောက်လာသူများမှာ ဆားပြင်ကျေးရွာ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ကိုပြုံးချို၊ ကျေးရွာသားများ ဖြစ်ကြသည့် ကိုသန်းနိုင်၊ ကိုအောင်ထူး၊ ကိုမောင်မြင့်အောင်၊ ကိုလှဖြူတို့ ဖြစ်ကြသည်။
၄င်းတို့ ၅ ယောက်၏ အမှုအတွက် တရားလိုပြသက်သေ ၂၆ ဦးစစ်ဆေးခဲ့ပြီးနောက် ပြစ်မှု၊ ပြစ်ဒဏ် တစ်စုံတစ်ရာ ကျူးလွန်ထားသည်ကို မတွေ့ရှိရသည့် အတွက် တောင်ကုတ်မြို့နယ် တရားရုံးက စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“သူတို့ရဲ့အမှုအတွက် တရားလိုပြသက်သေ ၂၆ ဦးကို စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်တာ တစ်စုံတစ်ရာ မတွေ့ရှိရသည့်အတွက် တရားရုံးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ အရ စွဲချက်မတင်မီပြန်လွတ်လိုက်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောသည်။
၄င်းတို့ ၅ ဦးကို ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးသွားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁ရ) ဖြင့် လမူးစခန်းမှ အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ မြို့နယ်တရားရုံးက သက်သေခိုင်လုံမှုမရှိဆိုပြီး မေလ ၅ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။
လွှတ်ပေးပြီး မိနစ်အနည်းငယ် အကြာတွင် ထပ်မံ ဖမ်းဆီးပြီး မအီမြို့အနီး ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ အကြမ်းဖက်မှုဖြင့် အမှုဖွင့်ခဲ့သည်။ ပြီးနောက် သူတို့ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် မေလ ၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။