Preview

စစ်တွေ ကျောက်တန်းဂိတ်တွင် AA အဖွဲ့ဝင် ၃ဦးဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်၊ ယင်းအထဲမှ တစ်ဦးမှာသုံးဘီးဒရိုင်ဘာသာဖြစ်ကြောင်း ဖခင်ဖြစ်သူဆို

သြဂုတ် ၁၄/ ၂၀၂၀ | ကြည့်ရှုသူ :2171
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၁၄/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်က AA အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီး၇မိကြောင်း တပ်မတော်မှ သြဂုတ်လ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံခဲ့ရသူများမှာ စစ်တွေမြို့မှ သုံးဘီးဒရိုင်ဘာ ဦးကျော်ကျော်ဝင်း(၃၃)နှစ် (ဘ) ဦးဘသန်း၊ ဦးသာဇံ(၃၀)နှစ် (ဘ) ဦးအောင်ရွှေနှင့် မြေပုံမြို့နယ် တမ်ရာရွာမှ  ဦးမောင်ဘု(၃၇)နှစ် (ဘ) ဦးမောင်လှစိန် တို့ဖြစ်ကြသည်။

သုံးဦးထဲတွင် ဖမ်းဆီးခံထားရသူ ဦးကျော်ကျော်ဝင်း၏ ဖခင်ဖြစ်သူ ဦးဘသန်းက “အေအေနဲ့လည်း မပတ်သက်ဘူး။ မူးယစ်ဆေးတွေနဲ့လည်း ပတ်သက်မှုမရှိပါဘူး။ စိုးရိမ်လို့ မနေ့က မြို့မရဲစခန်းကို သွားမေးတယ်။ အဲဒီက အရာရှိတစ်ယောက်က တပ်က စစ်ဆေးဖို့ ခေါ်သွားတယ်လို့ ပြောတယ်။အခုသူ ဘယ်မှာ ရှိမှန်းမသိဘူး။ သားလေးမှာ အပြစ်မရှိပါဘူး။ အမှန်တကယ်လုပ်ရင် ခံရတာကို ဝန်မလေးပါဘူး။ အခုကျွန်တော့သား မလုပ်တာကို လုပ်တယ်လို့ဆိုတော့ ခံစား၇တယ်။ပြန်လွတ်စေချင်ပါတယ်” ဟုပြောသည်။ 

၄င်းတို့သားဖြစ်သူမှာ ကောင်းကောင်းမွန်မွန်ဖြင့် သုံးဘီးဆိုင်ကယ်(တုတ်တုတ်)မောင်းပြီး မိသားစုအား ရှာဖွေကျွေးနေသူဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

“ ကျွန်တော်သားက လူနှစ်ယောက်က ပါဒလိတ်ကို လိုက်ပို့ဖို့ သုံးဘီးကိုငှားတဲ့အတွက် အငှားကျလို့ လိုက်ပို့တာလို့ သိရပါတယ်။ အဲဒီမှာ ကျောက်တန်းဂိတ်မှာ အဖမ်းခံ၇တာပါ” ဟု ပြောဆိုသည်။ 

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ  ဩဂုတ် ၁၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ရာတွင်  စစ်တွေမြို့အဝင် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌  ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ မောင်းနှင်လာသော TVS အမျိုးအစား သုံးဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ  ယာဉ်မောင်းဖြစ်သူ စစ်တွေမြို့နေ ကျော်ကျော်ဝင်း(ဘ)ဦးဘသန်း ၃၃ နှစ်နှင့် စစ်တွေမြို့နေ ဦးသာဇံ(ဘ)ဦးအောင်ရွှေ  ၃၀ နှစ်၊ မြေပုံမြို့နယ် တမ်ရာရွာနေ ဦးမောင်ပု(ဘ) ဦးမောင်လှစိန် ၃၇ နှစ်တို့အား AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတမ်းပါ စစ်စိမ်းရောင် ယူနီဖောင်း ၁ စုံ၊ ပျောက်ကြားဘောင်းဘီ ၁ ထည်၊ AA နှင့် ဆက်သွယ်မှု မှတ်တမ်းများ၊ အထောက်အထား အချက်အလက်များ ပါရှိသည့် ဖုန်း ၂ လုံး၊ ပိုက်ဆံ ၁၂ သိန်းကျပ်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၆၀၀ ပြား (မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၂ သိန်း)နှင့်အတူ ဖမ်းဆီး၇မိခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိကြောင်း ဖော်ပြထားသည်။ 

အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်ပြီး AA ဖက်သို့ မေးမြန်းတင်ပြရန်မှာ ဥပဒေကြောင်းအရ တားမြစ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။ 
#စစ်ရေးစစ်ရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.