Preview

ကျောက်ဖြူ ကပ်သပြေရွာမှနောက်ထပ်ရွာသား ၃ ဦးဖမ်းဆီးခံရ၊ တစ်ရွာတည်းမှ ဖမ်းဆီးခံ၇သူ ၁၀ဦးရှိသွားပြီ

သြဂုတ် ၁၆/ ၂၀၂၀ | ကြည့်ရှုသူ :1483
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၁၆/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ နောက်ထပ် ရွာသား ၃ ဦးကို စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ၎င်းကျေးရွာတစ်ရွာတည်းမှ ဖမ်းဆီးခံ၇သူ လူပေါင်းမှာ ၁၀ ဦးရှိသွားပြီဟု သိ၇သည်။ 

သြဂုတ် ၁၅ ရက်နေ့က နောက်ထပ်ဖမ်းဆီးခံ၇သူ ၃ ဦးမှာ ဦးမန်နေဂျာ (၄၈) နှစ်၊ ဦးဝေသိန်းအောင် (၄၈) နှစ်နှင့် ဦးသန်းမြင့်ရွှေ(၃ရ) နှစ်တို့ဖြစ်ကြောင်း ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ ဇွန်လ ၂၆ ရက်နေ့က လူငယ် ရ ဦး အဖမ်းခံ၇တယ်။ မနေ့က ၃ ဦးထပ်အဖမ်းခံ၇တယ်။ စုစုပေါင်း ၁၀ ဦးရှိသွားပြီဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းတစ်ခုက မနက် ၄ နာရီလောက်ကတည်းက ရွာကို ဝိုင်းထားပြီး မိုးလင်းတာနဲ့ တစ်အိမ်တစ်ယောက်ကျ ထွက်ရမယ်ဆိုပြီး ဘုန်းတော်ကြီးကျောင်းမှာ စုခိုင်းပါတယ်။ အဲဒီမှာ သူတို့မှာ ပါလာတဲ့ နာမည်စာရင်းနဲ့ တိုက်ဆိုင်စစ်ကြည့်ပြီး ရွာသားသုံးဦးကို ကားပေါ်တင်ခေါ်သွားပါတယ်။ ကျွန်တော်ကို တပ်က ပြောတာက စစ်ဆေးစရာရှိလို့ ခေါ်သွားတယ်လို့ ပြောပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ယမန်နေ့ နံနက် ၅ နာရီခန့်က ရွာရှိ ဘုန်းကြီးကျောင်း၌ အစည်းဝေးပြုလုပ်မည်ဟုဆိုပြီး ရွာမှ တစ်အိမ်တစ်ဦး ကျစီခေါ်ဆောင်ခဲ့ပြီးနောက် အဆိုပါ ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ခေါ်ယူခံ၇သူ  ဦးမန်နေဂျာ၏ ဇနီးဖြစ်သူ ဒေါ်ခင်စိုးကပြောသည်။

“စစ်သားတွေက တစ်အိမ်တစ်ယောက်ကျစီလာရမယ်ဆိုပြီး အစည်းဝေးခေါ်တော့ ကျွန်မယောကျာ်း သွားတယ်ပေါ့။ အဲဒီမှာ အစည်းဝေးပြီးတာနဲ့ ခေါ်သွားတာ။ ကျွန်မယောကျာ်းက ရေလုပ်ငန်းလုပ်ပါတယ်။ ငါးဖမ်းပိုက်နဲ့ လုပ်စားနေကြတာပေါ့။ အေအေနဲ့လည်း ဆက်စပ်မှုမရှိဘူး။ ဘယ်အဖွဲ့မှာမှလည်း ဝင်လို့မရှိဘူး” ဟု ဒေါ်ခင်စိုးက ပြောဆိုသည်။

မိသားစုဝင်များမှာ ဦးမန်နေဂျာတစ်ဦးတည်းအပေါ် မှီခိုစားသောက်သဖြင့် သူ့ကို အမြန်ပြန်လွှတ် ပေးစေချင်ကြောင်း၊  ရွာသား သုံးဦးကို ခေါ်ဆောင်သွားသည့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်  ဓည၀တီ ရေတပ်စခန်းသို့သွားကာ အဆိုပါ သုံးဦးနှင့် တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မ၇ခဲ့ကြောင်း ဒေါ်ခင်စိုးက ဆက်ပြောသည်။

အဆိုပါ တပ်မတော်သားများထဲမှာ အချို့မှာ ဘုန်းကြီးကျောင်း၌ အစည်းဝေးပြုလုပ်မည်ဟုဆိုကာ ရွာသား များအား ခေါ်ဆောင်ထားပြီး ယင်းတပ်မတော်သားများထဲမှ အချို့မှာ ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ကပ်သပြေကျေးရွာမှ ဒေါ်မကြွက်ဖြူက ပြောသည်။ 

 “ကျွန်မတို့က သူတို့ အစည်းဝေးခေါ်လို့ ဘုန်းကြီးကျောင်းကို သွားတာလေ။ အိမ်ပြန်ရောက်တော့ သူတို့ထဲက ရွာထဲမှာ ကျန်ခဲ့တဲ့ စစ်သားတွေက ဝင်မွှေသွားတာ ကျွန်မအိမ်က ငွေ လေးသောင်း အိတ်ထဲထည့်ထားတာ ယူသွားတယ်။ ကျွန်မသမီးရဲ့ မှတ်ပုံတင်တစ်ခုလည်း ယူသွားတယ်။ သေတ္တာတွေလည်း အကုန်လုံး ရှုပ်ပွ ပေါက်ပြဲပြီးကျန်ခဲ့တယ်။ အစည်းဝေးက အိမ်ပြန်ရောက်တော့ အိမ်မှာ အကုန်လုံးပစ္စည်းတွေ ရှုပ်ပွကျန်ခဲ့ပြီ။ ကျွန်မတို့က မိုးတွင်း သုံးဖို့ချန်ထားတာ အဲလောက်ပဲရှိတာ။ အဲဒါသူတို့က နှိပ်စက်တာလေ။ ဟုတ်တယ်မလား” ဟု ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရသူ ဦးဝေသိန်းအောင်၏ ဇနီးဒေါ်အောင်ဝေခိုင်ကလည်း  “ကျွန်မတို့က အစည်းဝေးကိုတော့ မသွားလိုက်ဘူး။ အိမ်မှာနေကြတာ။ အဲဒီမှာ သူတို့ကလာခေါ်ပြီး ဘုန်းကြီးကျောင်းကို ခေါ်တယ်။ အဲဒီကမှ တစ်ဆင့် သူအပါအဝင် တခြားရွာသားနှစ်ယောက်ကိုပါ ကားနဲ့ ဖမ်းခေါ်သွားတာပဲ ” ဟု နိရဥ္စရာသို့ ပြောသည်။

အစည်းဝေးသို့ တက်ရောက်ခဲ့သည့် ကပ်သပြေကျေးရွာမှ ဦးမောင်သိန်းဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အစည်းဝေး၌ ကျေးရွာသားများအား ဓါတ်ပုံရိုက်ယူခြင်း၊ အမည်နှင့် အသက်များအား မေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယင်း သုံးဦးအားသီးသန့်မေးမြန်းခဲ့ခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြောသည်။

ကပ်သပြေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ခင်ဦးကလည်း အိမ်များကို တက်ရောက်ရှာဖွေသူ စစ်သားအချို့မှ  ငွေအချို့ကို ယူဆောင်သွားခဲ့သည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ကျေးရွာသား ၃ ဦးအား တပ်မတော်သားအချို့က ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ကပ်သပြေကျေးရွာမှ ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးခံထား၇သူများမှာ ကိုလှမောင်သန်း၊ ကိုမောင်ငယ်၊ ကိုမောင်လှမြင့်၊ ကိုစံလှမောင်၊ ကိုအောင်တင်ချေ၊ ကိုကွန်ကျားအောင်နှင့် ကိုလှနုအောင်(ခ) ဝါကြီးတို့ဖြစ်ကြပြီး သူတို့ကို ၅၀ (က) (ဈ)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိ၇သည်။


#စစ်ရေးစစ်ရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.