အိမ်စိုးဖြူ
နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တိုင်းရင်းဆေးရုံတွင် ကွာရန်တင်းဝင်ပြီး အသွားအလာစောင့်ကြည့်ခံနေရသူများကို ယနေ့နေ့လယ်တွင် စစ်တွေတက္ကသိုလ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်းသတင်းရရှိသည်။
အဆိုပါ တိုင်းရင်းဆေးရုံတွင် အသွားအလာစောင့်ကြည့်ခံထား၇သူ ၃၀ ကျော်ရှိကာ ၄င်းဆေးရုံကို ကိုဗစ် အတည်ပြုလူနာများအတွက် ကုသမှုအဆောင်ပြုလုပ်နိုင်ရန်ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု အသိ ပေးလာကြောင်း ၄င်းဆေးရုံတွင် အသွားအလာစောင့်ကြည့်ခံနေသူ အမည်မဖော်လိုသူ တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ ကျွန်တော်တို့ကို နေ့လယ်နှစ်နာရီလောက်ပြောင်းဖို့ စီစဉ်နေတယ်။ အကုန်အဆင့်သင့်လုပ်ထားတယ်။ ဒီဆေးရုံကို ကိုဗစ်အတည်ပြုလူနာတွေ ထားဖို့ လုပ်မယ်လို့ပြောတယ်။ ကျွန်တော်တို့ကို စစ်တွေတက္ကသိုလ်ကို ပို့မှာပါ” ဟု ၎င်းက ပြောသည်။
စစ်တွေမြို့ရှိ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများဦးဆောင်နေသူလည်းဖြစ် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်းပြောသည်။
“ အဲဒီဆေးရုံကို လူနာတွေကို ကုသမှုခံယူဖို့အဆောင်လုပ်မယ်လို့သိရတယ်။ စစ်တွေဆေးရုံကြီးမှာက လူနာ လေးဆယ့်ရှစ်ယောက်တောင်ဖြစ်သွားပြီလေ။ အဲဒီမှာ ဒီလောက်လူအများကြီးဆိုတော့ အဆင်ပြေလောက်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီမှာ ထပ်တိုးချဲ့တာ။ ဒီတိုင်းရင်းဆေးရုံက လူတွေကို ဘုမေက စစ်တွေတက္ကသိုလ်ကို ပြောင်းမယ်” ဟုပြောသည်။
အဆိုပါကိစ္စအားမေးမြန်းစုံစမ်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်နှင့် စစ်တွေဆေးရုံအုပ်ကြီးတို့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။
စစ်တွေတွင် သြဂုတ်လ ၁၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ တစ်ဦးစတင်တွေ့ရှိပြီးနောက်ပိုင်း သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီအထိ ၄၈ ဦးခန့်တွေ့ရှိထားပြီးဖြစ်ကာ ရောဂါလက္ခဏာမပြပဲလူထုထဲတွင် ရောဂါပိုးရှိသူ များရှိနေနိုင်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့် အညီ နေထိုင်ကြဖို့ကိုလည်း သတိပေး ထုတ်ပြန်ထားသည်။
ရခိုင်တွင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါအတည်ပြုလူနာ စစ်တွေတွင် ၄၈ ဦး၊ မြောက်ဦးတွင် ၃ ဦးနှင့် သံတွဲမြို့တွင် ၂ ဦး စုစုပေါင်း စုစုပေါင်း ၅၃ ဦးရှိသွားပြီဖြစ်သည်။
ယခင် ဆေးရုံကဆင်းခွင့်၇သူ ၁၆ ဦးနှင့်ပါဆိုလျှင် ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံ၇သူမှာ စုစုပေါင်း ၆၉ ဦး ရှိသွားပြီ ဖြစ်သည်။