ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် နှာခေါင်းစည်းမတပ်ပဲ အိမ်အပြင်ထွက်သူ ၃ဝကျော် ခံဝန်လက်မှတ်ရေးထိုးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နှာခေါင်းစည်း(Mask)မတပ်ပဲ အိမ်အပြင်ထွက်သူ ၃ဝ ကျော်ကို ရဲစခန်းသို့ ခေါ်ယူပြီး ခံဝန်လက်မှတ်ရေးထိုးစေကာ သတိပေးမှုလုပ်၍ ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေအမှတ်(၁) ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက “ဒီနေ့မနက်ကတည်းက ကျွန်တော်တို့ မြို့ကို ပတ်ပြီး သတိပေးနေတာပါ။ အဲဒီမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းကို မလိုက်နာတဲ့လူ သုံးဆယ်ကျော်ကို ခေါ်ယူပြီး ခံဝန်လက်မှတ်ထိုးခိုင်းပြီး ဆုံးမစကားတွေပြောပြီးပြန်လွှတ်ပေးလိုက်တယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့မှ စ၍ စည်းကမ်း မလိုက်နာသူများကို ဥပဒေနှင့် အညီအရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ ဒီနေ့ ခံဝန်လက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တယ်ဆိုပေမယ့် နောက်နေ့တွေမှာ အဲလိုသာတွေ့ရင် ဥပဒေအရ အရေးယူသွားပါတော့မယ်။ ဒီဟာက လိုက်နာရမယ့် စည်းကမ်းပါ။ ဒီဟာကို ပြည်သူတွေ ပူးပေါင်း ပါဝင်စေချင်တယ်” ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သြဂုတ်လ ၂ဝ ရက်နေ့က ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများအား နှာခေါင်းမတပ်ပဲ အိမ်အပြင်မထွက်ကြရန်၊ စျေးဝယ် ထွက်လျှင် တစ်အိမ် တစ်ဦးကျသာ သွားရောက်ရန်၊ ဆေးရုံ/ ဆေးပေးခန်းများသွားရောက်ရန်ရှိပါက လူနှစ်ဦး သာသွားရောက်ရန်နှင့် အရေးပေါ်ကိစ္စများ သွားရောက်ရန်ရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အသိ ပေးပြီးမှ သွားရောက်ရန်စသည့်အချက်များကို ထုတ်ပြန်ထားသည်။

သို့သော်လည်း စစ်တွေမြို့မှ ပြည်သူအချို့မှာ လိုက်နာမှု အားနည်းနေသဖြင့် သြဂုတ်လ ၂၄ ရက်နေ့မှ စ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၄င်းရဲအရာရှိက ဆက်ပြောသည်။

စစ်တွေမြို့မိမြို့ဖဖြစ်သူ ဦးသာစိန်ကလည်း ရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်နေသည်ကို ကြားသိရကြောင်း ပြည်သူများအနေဖြင့် စည်းကမ်းလိုက်နာသင့်ကြောင်း ပြောသည်။

 “လူစုလူဝေး မလုပ်ရဘူးဆိုပြီး အမိန့်ထုတ်ထားရင် လိုက်နာရပါမယ်။ မလိုက်နာရင် လိုက်နာအောင် လုပ်ရမှာ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပေါ့။ မလိုက်နာရင် မလိုက်နာတာကို လုပ်တဲ့ ဥပဒေရှိတာပေါ့။ အဲလို လုပ်သင့်တယ်လို့ မြင်တယ်” ဟုသူကပြောသည်။

ရခိုင်တွင်  သြဂုတ် ၁၆၊ ၁၉၊ ၂ဝ၊ ၂၁၊ ၂၂ နှင့် ၂၃ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၅၃ဦး အထိ ရှိလာပြီး ယင်းအထဲတွင် ဆယ်နှစ်ကလေးငယ်တစ်ဦး၊ ဘုန်းတော်ကြီးတစ်ပါး၊ နိုင်ငံတကာ NGO ဝန်ထမ်းအချို့၊ ကျန်းမာရေးဝန်ထမ်းအချို့၊ ဘဏ်ဝန်ထမ်းနှင့် ဘဏ်ဝန်ထမ်းများ၏ မိသားစုဝင်များပါဝင်သည့် အပြင် ၄င်းတို့နှင့် ထိတွေ့သူများမှာလည်း စောင့်ကြည့်လူနာအဖြစ်ဖြင့် ကွာရန်တင်း ဝင်နေကြရသည်ဟု သိရှိရသည်။ 


ဆက်စပ် သတင်းများ