ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်မှ Covid -19 ရောဂါအတည်ပြုလူနာနှင့်ထိတွေ့မှုရှိသူ ၂၆ ဦးကို စစ်ဆေးမှုမလုပ်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ သြဂုတ် ၂၄ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဆင်တက်မော်ကျေးရွာတွင် NGO ဝန်ထမ်း covid -19 ရောဂါအတည်ပြုလူနာအမှတ် (၃၇၇) နှင့် ထိတွေ့မှုရှိသူ ဒေသခံ ၂၆ ယောက်ကို ကွာရန်တင်းထားရှိသော်လည်း ယခုအချိန်ထိ ၎င်းတို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများကို စစ်ဆေးမှု မပြုလုပ် နိုင်သေးကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့နယ် ဆရာဝန် ဆရာဝန် ဒေါက်တာကိုကိုအောင်က “ ကျနော်တို့ကတော့ သူတို့ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး တို့ဖတ်တွေ ယူသွားဖို့ အစီစဉ်တော့ ရှိတယ်။ ဒါပေမယ့် ပေါက်တောမြို့မှာတောင်မှ စစ်တွေကပြန်လာတဲ့ လူနှစ်ရာကျော်ကိုတောင် စစ်ဆေးလို့ မပြီးသေးဘူး။ ကျနော်တို့မှာက ဝန်ထမ်းလည်း သိပ်အများကြီး မရှိဘူး။ မြို့ပေါ်မှာလည်း စစ်ဆေးရမယ့် လူတွေအများကြီး ကျန်သေးတယ်။ ဒီမှာ စစ်ဆေးပြီးလို့ ရာသီဥတု အခြေအနေ ကောင်းရင်တော့ အဲဒီဆင်တက်မော်ဘက်ကို သွားဖို့ရှိတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းကျွန်းပေါ်သို့ သွားရောက်စစ်ဆေးရန် ရာသီဥတုဆိုးဝါးပြီး လှိုင်းလေများကြမ်းတမ်းမှုများကြောင့် သွားရောက်ခြင်း မပြုနိုင်သေးကြောင်း ဒေါက်တာကိုကိုအောင်က ဆက်လက်ပြောဆိုသည်။

ကွာရန်တင်း ဝင်နေသူ ၂၆ ဦး အထဲတွင် အမျိုးသား ၂ဝ ဦးကို ဘုန်းကြီးကျောင်းထဲမှ သင်္ခန်းတွင် ကွာရန်တင်း ဝင်ခိုင်းထားပြီး ကျန်အမျိုးသမီး ၆ ဦးကို အိမ်တစ်ဆောင်ငှားပြီး သီးသန့်ထားကြောင်း သိရသည်။

ဆင်တက်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက စောင့်ကြည့်ခံနေရသူများအား စစ်ဆေးမှုများပြုလုပ်ခြင်း မရှိသေးသဖြင့် စိုးရိမ်ကြောင့်ကြနေရကြောင်း ပြောဆိုသည်။

 “ကွာရန်တင်း ဝင်နေတဲ့လူ ၂၆ ယောက်ရှိတယ်။ ဒီမှာတော့ ကျန်းမာရေးမှူးက အပူတိုင်းတာတွေတော့ရှိတယ်။ အပူတစ်ခုတည်း တိုင်းတာလောက်နဲ့လည်း စိတ်မချရဘူး။ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်စေချင်တယ်။ စာသင်ကျောင်းတွေမှာလည်း မထားရတဲ့အတွက် ကွာရန်တင်း ဝင်နေတဲ့လူတွေအတွက် နေထိုင် ရတာတွေလည်း အခက်အခဲရှိတယ်”ဟု ပြောသည်။

၎င်းအပြင် ဆင်တက်မော်ကျေးရွာရှိ ရပ်သူ/ ရပ်သားများအား စစ်တွေမြို့သို့ မသွားရန်နှင့် စစ်တွေကလူများနှင့် ထိတွေ့မှုများ မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း လိုက်နာမှုမရှိသဖြင့် ရောဂါ ကူးစက် ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း  ၎င်းက ဆက်ပြောသည်။


ဆက်စပ် သတင်းများ