သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

သားဖြစ်သူဗိုလ်မှူး AA ထဲကို ရောက်သွားသဖြင့် ဖခင်ဖြစ်သူလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းက ပယ်ဖျက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၃ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်ထားသူ ဦးဖိုးစံအား သူ၏ သားဖြစ်သူ ဗိုလ်မှူး အောင်မြင့်စိုးမှာ လွန်ခဲ့သည့် ၂ဝ၁၈ နှစ်က AA တပ်ထဲသို့ ရောက်ရှိသွားသဖြင့် လွှတ်တော် အမည်စာရင်း တင်သွင်းထားရာမှ ပယ်ဖျက်ခံရလိုက်ရကြောင်း သတင်းရရှိသည်။

လက်ရှိကျောက်ဖြူမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကို လွှတ်တော်အမည်စာရင်းတင်သွင်းခြင်းမှ ပယ်ဖျက်ကြောင်း အကြောင်းကြားလာသည်ဟု ပြောကြားသည်။

“ ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၂၇ ရက် နေ့စွဲနဲ့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ကျွန်တော်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်က ပယ်ဖျက်တယ်ဆိုပြီး အဲသလို စာရောက်လာပါတယ် ခင်ဗျား။ အဲဒီစာမှာ ဘာပါလာသလဲဆိုရင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁ဝ (ဎ)နဲ့ ငြိစွန်းနေတယ်ဆိုတဲ့ အကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကိုစာပို့တယ်။ အဲဒီစာ ကျွန်တော်ကို လာပေးခြင်း ဖြစ်ပါတယ်ခင်ဗျား” ဟု ဦးဖိုးစံက ပြောသည်။

ပုဒ်မ ၁ဝ(ဎ)ထဲတွင် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသည့် သောင်းကျန်သူ အဖွဲ့အစည်းများ (သို့မဟုတ်) ယင်းအဖွဲ့ဝင်များနှင့် ဆက်သွယ်သည့် ခိုင်လုံသော သက်သေ အထောက်အထား ရှိသူ ဆိုပြီး ပါဝင်ကြောင်း၊ သို့အတွက် သူ့အား ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာမှ ပယ်ဖျက်ခြင်း ဖြစ်သည်ဟု သိရကြောင်း၊ မိမိမှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့်ဆက်သွယ်မှု မရှိကြောင်း၊ အဲဒီကိစ္စကို ကော်မရှင်တွင်လည်း ငြင်းခဲ့ပြီးပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြောင်းပြပြီး ဆုံးဖြတ်ချက်ခြင်းမှာ မတရားသလို ခံစားရကြောင်း ၎င်းက ဆက်ပြောသည်။

“ ကျွန်တော်ကို ၂၂  ၈ လ ၂ဝ၂ဝ နေ့က ခရိုင်ကော်မရှင် အတွင်းရေးမှူး ခေါ်ပြီး ခရိုင်ကော်မရှင် အဖွဲ့ဝင်များရှေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စာပို့လာတယ်ဆိုပြီး အကြောင်းကြားပါတယ်။ အဲဒီ စာထဲမှာ ဘာပါသလဲဆိုတော့ ၂ဝ၁၈ ခုနှစ် မေလက နေပြီးရင် ဗိုလ်မှူးအောင်မြင့်စိုး၊ ဦးဖိုးစံရဲ့သားဟာ အမှတ် (၇၃) သံချပ်ကာ တပ်မ ဌာနချုပ်မှာ တာထမ်းဆောင်ရင်းနဲ့ ခွင့်မဲ့ပျက်ကွက်ပြီး ပျောက်ဆုံးသွားတယ်။ အဲဒါကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည်လိုက်ပြီး စိစစ် ချက်အရ အေအေလက်နက်ကိုင် အဖွဲ့ကို ရောက်ရှိနေတယ်လို့ သိရှိရတယ်လို့ ပါတယ်။အဲဒါကြောင့်မို့ ကျွန်တော်ကို အဲဒီပုဒ်မနဲ့ ငြိစွန်းတယ်ဆိုပြီး စွပ်စွဲပါတယ်။”

သို့သော် အဆိုပါ စွပ်စွဲချက်ကို ကျောက်ဖြူခရိုင် ကော်မရှင်အဖွဲ့ခွဲရှေ့တွင် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်က အဲဒီနေရာမှာပဲ သူတို့ရှေ့မှာဘဲ ပြန်ပြီး ခုခံ ချေပပါတယ်။  ကျွန်တော်နဲ့ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ကျွန်တော်အိမ်ထောင်စုမှာ နေတာလည်း မဟုတ်ဘူး။ သူဟာ တပ်ရင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာ ၁၆ နှစ်တိတိ ရှိပြီ။ ကျွန်တော်နဲ့ ဖုန်းအဆက်အသွယ်လည်း မရှိဘူး။ ကျွန်တော်နဲ့ စာနဲ့ အဆက်အသွယ်လည်း မရှိဘူး။ နောက်ပြီး ကျွန်တော်နဲ့ ငွေရေးကြေးရေးအားဖြင့်လည်း ကျွန်တော်ကို ပံ့ပိုးတယ်။ ကျွန်တော်ဆီက ပံ့ပိုးတယ်။ အဲဒါလည်း မရှိဘူး အဲသလို ဆိုပြီး ငြင်းဆိုခဲ့တယ်။”

ဦးဖိုးစံ၏ သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးသည်  ပြန်တမ်းဝင် အမှတ် ကြည်း(၄ဝ၇၉၉) ဖြစ်ပြီး ၂ဝဝ၂ခုနှစ်ကနေ ၂ဝဝ၄ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၇) မှာ တက်ရောက်ခဲ့သူဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ်က အမှတ် (၇၃) သံချပ်ကာ တပ်မဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေရာမှ ရက္ခိုင့်တပ်တော် (AA) သို့ ရောက်ရှိသွားခဲ့သည်ဟု သိရသည်။

ဦးဖိုးစံအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အယူခံတင်ရာတွင်လည်း အယူခံ တက်ရောက်ခွင့်မရှိတော့ကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။

“ ကျွန်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို စာနဲ့ အကြောင်းကြားပါတယ်။ ကျွန်တော်ကို ဒီလိုတစ်ဖက်သတ် စွပ်စွဲပြီး မဟုတ်မမှန် လုပ်ကြံပီးရင် ပြစ်မှု ရှိတဲ့ အတွက် ကိုယ်စားလှယ် လောင်း အဖြစ်က ပယ်ဖျက်တယ်ဆိုပြီး အဲသလို ကျွန်တော်ကိုစာပေးလာတဲ့ အတွက် ကျွန်တော်ကတော့ ပြည်ထောင်စု ရွေးကောက်ကော်မရှင်ကို ဆက်လက်ပြီး စာတင်ထားပါတယ်။ လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ အညီ ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။ အသနားခံစာကို ၂၄ ရက် ၈လ ၂ဝ၂ဝ နေ့စွဲပါ စာနဲ့ တင်တဲ့ ဥစ္စာကို ရရှိတယ်။ ဆိုပြီး အဲသလို ပါပါတယ်။ သို့သော် အဲဒီ ကျွန်တော်ကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ခွဲက ကျွန်တော်ကို ခေါ်ယူပြီး ပြောတဲ့နေ့မှာ အမိန့်ချမှတ်တယ်ဆိုပြီးစာမှာ ပါပါတယ်။ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက သတ်မှတ်ကာလ အတောအတွင်းမှာ အယူခံ တက်ရောက်ခွင့် မရှိတော့ ဘူးဆိုပြီး ပါရှိပါတယ် ခင်ဗျား” ဟု ဦးဖိုးစံက ပြောဆိုသည်။

ကျောက်ဖြူခရိုင် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ထွန်းထံသို့ ဆက်သွယ်ရာ  ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခြင်းမှာဟုတ်မှန်ကြောင်း၊ ဥပဒေအရ ငြိစွန်းမှုရှိ၍ ပယ်ဖျက်ခြင်း ဖြစ်ကြောင်း၊ အယူခံဝင်ထားသည်ဟု သိရကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ