စစ်တွေကိုဗစ်လူနာများကို အဆင့်လေးဆင့် သတ်မှတ်ပြီးကုသပေးနေဟုဆို


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၃ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသည့် ကိုဗစ်ရောဂါပိုး တွေ့ရှိ သူများအား A၊ B၊ C၊ D အဆင့် လေးဆင့် ခွဲခြားသတ်မှတ်ပြီး ကုသပေးနေကြောင်း စစ်တွေပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှ ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ သြဂုတ် ၃ဝ ရက်နေ့ နံနက် ၈ နာရီတွင် ကိုဗစ် လူနာ ၁၇၂ ယောက်ထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

သြဂုတ်လ ၂၈ ရက်နေ့ ည ၁ဝ နာရီထိ စစ်တွေဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး လူနာ ၁၃၆ ဦးရှိခဲ့ပြီး ၎င်းတို့အား စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကြပ်မတ်ကုသနေပုံကို ယခုလို ပြောကြားသည်။

"  သြဂုတ် ၂၈ ရက်နေ့ထိ ကိုဗစ်လူနာ ၁၃၆ ဦးရှိတဲ့ အထဲမှာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ  ၉၇ ဦး၊ သူနာပြုကျောင်းမှာ လူနာ ၃၉ ထားရှိကုသ နေပါတယ်" ဟု ဒေါက်တာဇော်လွင်က ပြောကြားသည်။

“ A အဆင့် အုပ်စုက ၁ဝ၁ ယောက်ရှိကြောင်း၊ အေက Positive အဖြစ် တွေ့ရသူများ ဖြစ်ကြောင်း၊ ရောဂါလက္ခဏာ မပြ၊ လူကောင်းလိုဖြစ်ကြောင်း၊ သို့သော်လည်း စောင့်ကြည့်ထားရကြောင်း ၎င်းက ပြောကြားသည်။

“ နောက် B မှာ အနာရောဂါ လက္ခဏာ အနည်းငယ်ပြတယ်။ အနံ့မရသေးဘူး။ နည်းနည်းစီဖျားတယ်။ နည်းနည်းစီ ချောင်းဆိုး။ နှာစီးတယ်။ ချောင်းဆိုးတယ်။ အဲဒီလူက ၂၁ ယောက်ရှိတယ်။ နောက်ပြီးတော့ C အုပ်စုက Analysis Disease လို့ခေါ်တယ်။ နဂိုကတည်းက ရောဂါတွေ ရှိတယ်။ ပုံမှန် ဆေးသောက်နေရတယ်။ အဲဒီလူက ၁၃ ယောက်ရှိတယ်” ဟု ပြောကြားသည်။

အုပ်စု D မှာ အရေးကြီးသော အဆင့်ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းအဆင့်တွင် လူနာတစ်ဦးသာ ရှိကြောင်း ဒေါက်တာ ဇော်လွင်က ပြောဆိုသည်။

“ အုပ်စု D ကတော့ အင်မတန် အရေးကြီးတယ်။ သူကို Category   ခွဲပြီး သူ့ကို အထူးစောင့်ကြည်ပြီးတော့ ကုသရမယ့်သူက တစ်ယောက်ရှိတယ်။ လက်ရှိ မနေသာ မထိုင်သာရှိတယ်။ လက်ရှိ အောက်စီဂျင် ပေးထားတယ်။ လောလောဆယ် လက်ရှိ် antibiotic ထိုးတယ်။ ဆေးထိုးရတယ်။ တအားကြီးဆိုးတာတော့ မဟုတ်ပါဘူး။ ဆိုးနိုင်တဲ့ အလားအလာရှိနိုင်တဲ့ သဘောမျိုးရှိတယ်ဆိုပြပီး သတ်မှတ်ပီးတော့ သူကို စောင့်ရှောက်ကုသ ပေးနေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ရောဂါရဲ့ အတိမ်အနက် ဒီလို ရှိနေတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရသူအတွက် ကုသရန် စစ်တွေ ဆေးရုံကြီးတွင် လူနာ ၁ဝဝ နှင့် သူနာပြုကျောင်းတွင် ၄ဝ ဦးအတွက် သတ်မှတ်ထားကြောင်း၊ လက်ရှိတွင် ၎င်းသတ်မှတ်နေရာများတွင် လူနာများပြည့်သွားပြီ ဖြစ်သဖြင့် နောက်ထပ် လူနာ ၅ဝ စာကို တိုင်းရင်းဆေးရုံနှင့် နောက်ထပ် ၁ဝဝ စာကို စစ်တွေဆေးရုံကြီးရှိ ကလေးကုဆောင်နှင့် ဖျားနာဆောင် ပေါင်းပြီး ပြင်ဆင်ထားကြောင်း ပြောကြားသည်။  

စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် လူနာများမှ အပ ပုံမှန်ကူးတဲ့ လူနာများ၊ Non-covid လူနာများကို ဆေးရုံတွင် လက်မခံဘဲ လိုအပ်သော ဆေးများပေးခြင်း၊ အွင်လိုင်းမှ တစ်ဆင့် ကုသခြင်းများကို ပြုလုပ်ပေးနေသဖြင့် ကိုဗစ်လူနာများအတွက် ဆေးရုံကြီးတွင် နေရာပိုရအောင် စီစဉ်ထားသည်ဟု ပြောကြားသည်း။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ သြဂုတ် ၃ဝ ရက်နေ့ နံနက် ၈ နာရီတွင် ကိုဗစ် လူနာ ၁၇၂ ယောက်ထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

တစ်ခြားမြို့နယ်များထဲတွင် ကျောက်ဖြူ ၄၉ ယောက်၊ မြောက်ဦးတွင် ၁၈ ယောက်၊ မောင်တော ၁၉ ယောက်၊ ပေါက်တော ၁၄ ယောက်၊ သံတွဲတွင် ၈ ယောက်၊ မြေပုံ ၇ ယောက်၊ ကျောက်တော် ၇ ယောက်၊ ဘူးသီးတောင် ၆ ယောက်၊ မင်းပြား ၆ ယောက်၊ အမ်း ၂ ယောက်၊ တောင်ကုတ် ၂ ယောက်၊ ပုဏ္ဍားကျွန်း ၁ ယောက်၊ ဂွ ၁ယောက်၊ မာန်အောင် ၁ ယောက်၊ စုစုပေါင်း ၃၁၃ ယောက်ရှိသွားပြီ ဖြစ်သည်။

(ဓာတ်ပုံ- ဒေါက်တာဇော်လွင်ပို့စ်)

Share: