ရန်ကုန်မြို့ဖောင်ကြီးကိုဗစ်ကုသရေးဌာနတွင် ရခိုင်မှ လူနာ ၁၅ ဦးခန့် သွားရောက်ကုသမည်


အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၂/၂ဝ၂ဝ

ရန်ကုန်မြို့ဖောင်ကြီး ကိုဗစ်ကုသရေးဌာနတွင် ရခိုင်မှလူနာ ၁၅ ဦးခန့် သွားရောက် ဆေးကုသမှုခံယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဖောင်ကြီး ကိုဗစ်ကုသရေးဆောင်သို့ သွားရောက်ကုသမှုခံယူချင်ပါက လေယာဉ်အသွားအပြန်အပြင် နေထိုင်စားသောက်စရိတ်ငြိမ်းသွားရောက်ရမည် ဖြစ်သည့်အကြောင်း ဆက်သွယ်လာသည်ဟု ဆိုသည်။

သို့အတွက် စစ်တွေရှိ လူနာများ၏ သဘောထားကို မေးမြန်းစာရင်း ကောက်ယူခဲ့ရာ စစ်တွေမြို့မှ ၁၅ ဦးခန့် သွားရောက်ရန် စာရင်း ရထားပြီဖြစ်ကြောင်း၊ နောက်ထပ် စာရင်းကောက်ခံနေကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“ ကျွန်တော်တို့က ဆန္ဒသဘောကို မေးတဲ့သဘောရှိတာပေါ့နော်။ အဲဒီဘက်မှာကျတော့ ဆရာဝန်၊ ဆရာမ တွေလည်း ပိုစုံတယ်။ ဒီဖက်မှာ ဆရာဝန်တွေ မတော်လို့မဟုတ်ဘူး။ သမားတော်ကြီး၊ မေ့ဆေး ဆရာဝန်ကြီး အားလုံးစီစဉ်ထားတယ်။ ဒါပေမဲ့ ဒီဘက်မှာရှိတဲ့ ပစ္စည်းအင်အားကို ကြည့်ပြီးသော်လည်းကောင်း၊ ဆန္ဒအရ သော်လည်းကောင်း ရန်ကုန်မှာမှ ကုသမှုခံယူချင်တယ်ဆိုလို့ရှိရင် သွားချင်ရင်သွားလို့ရအောင် ဆရာတို့က မေးနေတဲ့ သဘောရှိတယ်ပေါ့။ ၁၅ ယောက် လောက်က သွားဖို့ပြောထားပါတယ်” ဟုပြောသည်။

၄င်းဆေးရုံတွင် သွားရောက်ကုသမှုခံယူမည့်သူများအနေဖြင့် လူနာတစ်ဦးတည်းသာ သွားရောက်ရမည်ဖြစ်ရာ လူနာများ အနေဖြင့် မိသားစုနှင့်ခွဲ၍ တစ်ယောက်တည်းမသွားလိုသူများလည်း ရှိမည်ဖြစ်သဖြင့် မိမိတို့ ဆန္ဒအလျောက်ဆုံးဖြတ်၍ မည်သူမဆို ကိုဗစ်တည်ပြုလူနာဖြစ်ပါက သွားရောက်ကုသနိုင်ကြောင်း ပြောသည်။

၄င်းဆေးရုံတွင် ကုသမှုခံယူလိုသူများအတွက် လူတစ်ဦးချင်းအတွက် အသုံးအဆောင်ကအစ ရေချိုးခန်း၊ အိမ်သာများကိုလည်း  လူနာသုံးဦးလျှင်တစ်လုံးစီလုပ်ပေးထားပြီး လေအေးပေးစက်များဖြင့် ခောတ်မီ စက်ကရိယာများဖြင့် ကုသရန်စီစဉ်ထားကြောင်း သိရသည်။

Share: