စစ်တွေဆေးရုံမှ ကိုဗစ်ပိုးတွေ့ရှိသူ၁ဝဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့ ဆေးရုံက ဆင်းခွင့်ရမည်
အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၅/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးမှ ကိုဗစ်ပိုးတွေ့ရှိသူများအထဲမှ ၁ဝ ဦးမှာ ရောဂါပိုးမတွေ့တော့သဖြင့် ယနေ့ ညနေ ၄ နာရီနောက်ပိုင်းတွင် ဆေးရုံက ဆင့်ခွင့်ရမည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
၄င်းတို့ကို နောက်ထပ် ၂ ကြိမ် စစ်ဆေးရာတွင် Negative (ပိုးမတွေ့) သဖြင့် ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည် ဖြစ်ကြောင်း ပြောကြားသည်။
“သူတို့ဆယ်ယောက်က Double Negative ထွက်ထားတာဆိုတော့ ဆေးရုံက ဆင်းခွင့်ရပါပြီ။ သူတို့ဆီက ရောဂါပိုးကူးစက်နိုင်ခြေမရှိတော့ပါဘူး။ လုံးဝပြန်လည်ကျန်းမာဖို့အတွက် နေအိမ်မှာဖြစ်ဖြစ် hospital quarantine ဖြစ်ဖြစ်ထားဖို့စီစဉ်နေတယ်။ အိမ်မှာနေရဖို့တွက် ဆရာတို့ ကြိုးစားပေးနေတယ်။ ညနေလေးနာရီမှ အထက်က ဆုံးဖြတ်ချက်ပေးမယ်။ သေချာတာကတော့ ဆေးရုံကပေးဆင်းတော့မှာပါ” ဟု သူကပြောသည်။
၄င်းဆေးရုံမှ ဆင်းခွင့်ရရှိသူများမှာ အမျိုးသမီး(၇)ဦးနှင့် အမျိုးသား(၃)ဦးတို့ဖြစ်ကြပြီး မည်သည့် လူနာ အမှတ်များဖြစ်ကြောင်းကို ပြောဆိုရန် အဆင်မပြေသေးဟု ပြောဆိုသည်။
“ ဒါက ရခိုင်ပြည်နယ်အတွက်ရော၊ စစ်တွေပြည်သူ့ဆေးရုံကြီးအတွက်ရော ဝမ်းသာ ဂုဏ်ယူစရာ သတင်းကောင်းဖြစ်ပါတယ်။ အဓိက သူတို့က စည်းကမ်းလိုက်နာတဲ့ အပြင် ဆရာတို့ဘက်ကလည်း စေတနာ အပြည့်နဲ့ ကြပ်မတ်ကုသတဲ့ အတွက် အချိန်တိုအတွင်းမှာ ခုလို ရောဂါကင်းစင်သွားတာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဇော်လွင်က ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့က စ၍ ယနေ့ စက်တင်ဘာ ၅ ရက်နေ့ အထိ ကိုဗစ်အတည်ပြုလူနာ ၄၉၃ ဦးရှိလာခဲ့သည်။
၄င်းထဲတွင် စစ်တွေမြို့နယ်မှာ ကိုဗစ်ပိုးအများဆုံးတွေ့ရှိထားသည့် မြို့ဖြစ်ကာ လူနာ ၂၇၂ ဦးကို စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုပေးနေပြီး ယင်းအထဲမှ ၁ဝ ဦးမှာ ယခုကဲ့သို့ ရောဂါပြန်လည် ကောင်းမွန်လာခြင်းဖြစ်သည်။
ကျန်ရှိနေသူ အထဲတွင်လည်း ရောဂါလက္ခဏာပြသူ ၅ ဦးသာရှိပြီး အထူးအလေးထား ကုသပေးနေကြောင်း၊ သို့သော် စိုးရိမ်စရာအဆင့်တွင် မရှိကြောင်း ဒေါက်တာ ဇော်လွင်က ပြောကြားသည်။