Preview

ကျောက်တော် အပေါက်၀တိုက်နယ်ဆေးရုံသို့ ဒဏ်ရာများဖြင့် အမည်မသိ သတိမေ့နေသူတစ်ဦးကိုပို့ဆောင်

စက်တင်ဘာ ၀၆/ ၂၀၂၀ | ကြည့်ရှုသူ :3445
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၆/ ၂၀၂၀

ယနေ့နံနက်က ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာ တိုက်နယ်ဆေးရုံသို့ ဒဏ်ရာများဖြင့် အမည်မသိ သတိမေ့နေသူတစ်ဦးကို ပို့ဆောင်လာသဖြင့် ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

၎င်းသူအား ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က အပေါက်၀ကျေးရွာ၊ ရန်တားရပ်ကွက်သို့ Hijet ကားတစ်စီးဖြင့် လာရောက်ပို့ဆောင်သဖြင့် ကျေးရွာသားများက အပေါက်၀တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ထားကြောင်း အပေါက်၀ကျေးရွာမှ ကိုပေါက်ချေက ပြောသည်။

၎င်းသူမှာ အသက် (၃၀ ) ခန့်အရွယ်ရှိပြီး ရိုက်နှက်ခံထားရသဖြင့် ဒဏ်ရာများရရှိထားသည်ဟု ဆိုသည်။

 “လူနာက သတိမရဘူး။ ကျွန်တော်တို့ရွာက မဟုတ်ဘူး။ ဒီကျွန်တော်တို့ ရွာပတ်ဝန်းကျင်က လူလည်း မဟုတ်ဘူး။ သူ့ကို တပ်ရင်း ၅၃၉ က စစ်သားတွေက ကျောက်တော်က ကားတစ်စီးနဲ့ တင်ပေးလိုက်တာပါ။ သူ့ကို အပေါက်၀ရွာက ထင်လို့ ကျွန်တော်တို့ရွာကို လာပို့တာ။ ဒီကိုရောက်တော့ သူက ဒီရွာကမဟုတ်ဘူး။ သူ့ကို အခု တိုက်နယ်ဆေးရုံကို ပို့ထားတယ်။ သူတို့က မနက် ၁၀ နာရီကျော်လောက်က ပို့လိုက်တာ ကားတစ်စီးနဲ့” ဟု ကိုပေါက်ချေက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ဒဏ်ရာရရှိထားသူမှာ သတိမ၇သေးသောကြောင့် ၄င်းမှာ မည်သည့်ကျေးရွာ၊ မည်ကဲ့သို့ ဖြစ်လာကြောင်းကို မေးမြန်း၍ မရနိုင်သေးကြောင်း၊ ညာဘက် ပုခုံးနားတဝိုက်တွင် ပြင်းထန်ဒဏ်ရာများနှင့် နောက်ကျောအပြင် ခြေလက်တို့တွင်လည်း ရောင်ရမ်းဒဏ်ရာများပါရှိကြောင်း ကိုပေါက်ချေက ဆက်ပြောသည်။

အပေါက်၀ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကလည်း “သူက ဒီရွာက မဟုတ်ပါဘူး။ သူ့အသက်က ၃၀ လောက်ရှိတယ်။ ၅၃၉ တပ်က အပေါက်၀ဆေးရုံကို ဒီလူကို ပို့လိုက်ဆိုပြီး ပြောတဲ့ အတွက် ဟိုက်ဂျက်   ကားတစ်စီးနဲ့ ကားသမား တစ်ယောက်က ပို့လာတာပါ။ အဲဒီလူက ဘယ်သူမှန်းလဲ မသိဘူး။ ပို့လာတဲ့ ကားသမားကလည်း အဲဒီလူကို ကားပေါ်က ချခဲ့ပြီး သူ့လမ်းသူ သွားတော့ သူ့ကိုလည်း မမေးလိုက်ရဘူး။ အခုက သူစကားမပြောနိုင်တော့ ဘယ်ကလဲဆိုတာကို မသိရဘူး။ ခြေသလုံးတွေမှာ ရင်ဘတ်တွေမှာ ဒဏ်ရာတွေ ရှိတယ်။ သတိမရတော့ အဲဒီလူအတွက် စိုးရိမ်ရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ၅၃၉ တပ်ရင်းမှာ အပေါက်၀ကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိခြင်းဖြစ်ကြောင်း သိ၇သည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဲဒီလူကို ကားတစ်စီးနဲ့ ပို့လာတယ်လို့ သတင်း၇ပါတယ်။ အပေါက်၀ကို ပို့လာတာပေါ့။ ပုခုံးတွေမှာ ဒဏ်ရာတွေပါတယ်။ အခုသူ့ကို ဆေးရုံမှာ ပို့ထားတယ်။ သူဘယ်ကလဲဆိုတာကိုတော့ မသိကြသေးဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

(ဓာတ်ပုံ- ဦးမင်းစိုး)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.