ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တပ်မတော်စစ်ကြောင်းဝင်လာ၍ ညောင်ကန်ရွာသားများထွက်ပြေး၊ အိမ်နှစ်အိမ်ကိုဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးခံရွာသား ၄ဦးပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂ဝ၂ဝ

လက်နက်ကြီးကျည်ကျ၍ ရွာသား ၄ ဦးသေဆုံးသွားခဲ့သည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန် ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်း တစ်ခု ယမန်နေ့က ဝင်ရောက်သဖြင့် ကျေးရွာသားများအားလုံး ကြောက်လန့်၍ ရွာကို စွန့်ခွာ ထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

ညောင်ကန်ရွာတွင်းသို့ ဝင်ရောက်လာသည့် ၎င်းတပ်မတော်စစ်ကြောင်းသည် ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ရွာအထဲမှ အိမ် ၂ဆောင်ကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

“ ဖမ်းဆီးခံရတာက ရွာသား လေးယောက်ပါ။ သူတို့ကို လမ်းပြခိုင်းတယ်လို့ ပြောတယ်။ ရွာထဲက ဦးဝင်းနိုင်နဲ့ ဒေါ်ကျော့တင်ချေ အိမ်နှစ်အိမ်ကို ဖွင့်ပြီး ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ပါတယ်။ ကျန်တဲ့အိမ်တွေ ရှာဖွေတာမရှိသေးဘူး။ အဲဒီနောက် ဖမ်းထားတဲ့ရွာသား လေးဦးကို ပြန်လွတ်ပေးလိုက်ပါတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

လွတ်လာသည့်  ညောင်ကန်ကျေးရွာသား ၄ ဦးမှာ ဦးမောင်လှိုင်ဝင်း (၃၇) နှစ်၊ ဦးထွန်းတင်နု (၅၅) နှစ်၊ ဦးမောင်ဒေါင်း (၃၅) နှစ်နှင့် ဦးငပိန်တင် (၅၈) နှစ်တို့ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစံဖေက ပြောကြားသည်။     

အင်အား ၁၅ဝ ခန့်ပါသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ယမန်နေ့ နံနက် ၉ နာရီခန့်က စေတီတောင် (တောင်ပေါက်) ကျေးရွာမှ တစ်ဆင့် ညောင်ကန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

ညောင်ကန်ရွာ ရပ်မိရပ်ဖ တစ်ဦးက “စေတီတောင်ရွာနဲ့ ကျွန်တော်တို့ရွာနဲ့က ရွာချင်းစပ်ပါ။ အဲဒီရွာကို စေတီတောင်မြစ်ကနေ မနေ့မနက်က နေဗီ ၁ စီးနှင့် ဇက် ၂ စီးနဲ့ စစ်သားတွေကိုတင်ပါတယ်။ အခုလောလောဆယ်ကတော့ အဲဒီရွာမှာ သူတို့ အခြေစိုက်နေတယ်။ ကျွန်တော်တို့ ညောင်ကန်ရွာကို ဝင်လိုက်ထွက်လိုက် လုပ်နေတယ်။ စစ်သားတွေ စေတီတောင်ရွာဘက်ကို တက်လာကတည်းက ကျွန်တော်တို့ ရွာသားတွေ စက်လှေတွေနဲ့ အကုန်ထွက်ပြေးကြတာပါ။ ကျွန်တော်တို့ရွာကို လက်နက်ကြီးတွေနဲ့ပစ်လို့ လူတွေလည်း သေတယ်၊ ဒဏ်ရာရကြတယ်။ အခုလည်း သူတို့တွေ ရွာကို လာကြတော့ ကျွန်တော်တို့ကို အဲဒီလို အန္တရာယ်ပြုမှာကိုစိုးလို့ ကြောက်ပြီး ထွက်ပြေးကြတာပါ” ဟု ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က နိရဥ္စရာသို့ ပြောသည်။

 ညောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးစံဖေက “ရွာသား ၄ ယောက်ကို မနေ့က သူတို့ ခေါ်သွား ခဲ့တယ်။ လွှတ်တော့ လွှတ်ပေးလိုက်ပါတယ်။ သူတို့ကို အေအေရှိလားမေးတယ်။ လက်နက်ကြီးကျတဲ့  နေရာတွေကို ပြခိုင်းတယ်။ ရွာက အိမ်နှစ်လုံး ကိုလည်း သူတို့ တက်မွှေနှောက်ပြီး ရှာဖွေခဲ့သေးတယ်။ ဘာရှာမှန်းတော့ မသိဘူး။ အဲဒီ ဖမ်းသွားတဲ့ လူတွေကို ခေါ်ပြီး အဲဒီ အိမ်နှစ်လုံးကို တက်ရှာတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ညောင်ကန်ကျေးရွာတွင် အိမ်ခြေ ၃၇ဝ ဆောင်နှင့် လူဦးရေ ၂ဝ၁၈ ဦးရှိပြီး စေတီတောင် (တောင်ပေါက်) ကျေးရွာတွင် အိမ်ခြေ ၉၃ ဆောင်နှင့် လူဦးရေ ၄၅ဝ ရှိကြောင်း၊ ယင်းကျေးရွာသားများမှာ လက်ရှိ မြေပုံမြို့နယ်၊ စိတ္တရ၊ သရက်တောင်ကျေးရွာနှင့် ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းတို့တွင် ခိုလှုံလျှက်ရှိကြကြောင်း ဦးစံဖေက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “နေဗီ၊ ဇက် ၂ စီးနဲ့ မနေ့က စေတီတောင်ရွာကို တက်တယ်။ ညောင်ကန်ရွာမှာလည်း လက်နက်ကြီးကျခဲ့တယ်ဆိုတော့ အစကတည်းက ကြောက်နေကြတော့ စစ်သားတွေလာတော့ ဖမ်းဆီးမှာ၊ ရွာသားတွေကို စစ်ဆေးမှာကို ကြောက်ပြီး တစ်ရွာကလုံးက ထွက်ပြေးကြတာ။ မနေ့ကလည်း ရွာသားတချို့ကို လမ်းပြအဖြစ် ခေါ်သွား ခဲ့တယ်လို့ ကြားတယ်။ လွှတ်ပေးလိုက်ပြီလို့တော့ ကြားပါတယ်။ အခု ညောင်ကန်ရွာမှာလည်း လူက မရှိသလောက် ထွက်ပြေးသွားကြပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့က ညောင်ကန်ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာမှ ကျေးရွာသား ၄ ဦးသေဆုံးသွားခဲ့ပြီး၊ ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

သေဆုံးသူ ၄ ဦးမှာ ညောင်ကန်ကျေးရွာမှ မူလတန်းပြသူ ဒေါ်မိုးသဇင် (၂၇) နှစ်၊ သမီးဖြစ်သူ မသူသူဟိန်း (၇) နှစ်၊ ကိုချမ်းငြိမ်းသူ (၂၅) နှစ်နှင့် မောင်သူရအောင် (၇) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူ ၁၄ ဦးထဲမှ ဦးခေါင်းဒဏ်ရာအပြင်းအထန် ရရှိသွားသူ မနှင်းယုလှိုင် (၂၂) နှစ်မှာ စစ်တွေ ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး ကျန် ၁၃ ဦးထဲမှ ဒဏ်ရာအနည်းငယ်ပြင်းထန်သူ ၉ ဦးမှာ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ