ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မှ ကျည်ထိမှန်သည့် မူဆလင်အမျိုးသားကိုဘူးသီးတောင်သို့ယူဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာမှ ကျည်ဆံထိ်မှန် ဒဏ်ရာရသွားသူ မူဆလင် အမျိုးသားတစ်ဦးကို ဘူးသီးတောင်မြို့နယ်ဆေးရုံသို့ ယူဆောင်သွားရကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အာကာတောင်ကျေးရွာမှ ဦးရော်ခီ (၃၈) နှစ်ဖြစ်သည်။

၄င်းမှာ အစ်ကိုဖြစ်သူ၏ သမီးအား အနောက်ပြင်ကျေးရွာသို့ စက်လှေဖြင့် ပို့ဆောင်ရန် ယနေ့ ၁၁ နာရီခွဲခန့်က မေယုမြစ်ကမ်းစပ်ရှိ စက်လှေရှိရာသို့ သွားစဉ် လက်နက်ကျည်ထိမှန်သွားခြင်းဖြစ်ကြောင်း အာကာတောင် ကျေးရွာမှ ရာအိမ်မှူး ဦးနိုစီရာမောက်က ပြောသည်။

“ဒဏ်ရာက စိုးရိမ်ရပါတယ်။ စက်လှေကို သူတို့ အဲဒီ သူ့အစ်ကိုရဲ့ သမီးနဲ့ သူနဲ့သွားတာ။ သူ့ကို သေနတ် လာထိတာ။ ထိတော့ သူက သတိမေ့သွားတာ။ အဲဒီမှာ ကလေးမက လူတွေကို အော်ခေါ်လို့ သိကြတာ။ အဲဒီကောင်မလေးကိုတော့ မထိဘူး။ မြစ်က နေဗီက သွားရင် လက်နက်တွေနဲ့ ပစ်ပြီးသွားတယ်။ ရွာထဲ တွေကိုတော့ မပစ်ဘူး။ သူတို့ပစ်ချင်တဲ့ မသင်္ကာစရာ နေရာတွေကို ပစ်ပြီးသွားတယ်။ နေဗီလာရင် ပစ်တယ်” ဦးနိုစီရာမောက်က ဟု နိရဥ္စရာသို့ ပြောသည်။

ဦးရော်ခီတွင် ဘယ်လက်နှင့် ရင်ဘတ်တို့တွင် ပြင်းထန်ဒဏ်ရာရရှိသွားပြီး ယနေ့ မွန်းလွဲပိုင်းက ဘူးသီးတောင် ဆေးရုံသို့ စက်လှေဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရာအိမ်မှူး ဦးနိုစီရာမောက်က ဆက်ပြောသည်။

နေဗီ ၂ စီးမှာ ယနေ့ နံနက်ပိုင်းက မေယုမြစ်ကြောင်းအတိုင်း တက်လာခဲ့ပြီး အာကာတောင်ကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသည့် အောင်ဇေယျ (ကုလားချောင်း) ရွာဘက်သို့  ရသေ့တောင်မြို့ အခြေစိုက် ၅၃၆၊ ၅၃၇ တပ်ရင်းတို့မှ ပစ်ခတ်မှုများလည်းရှိခဲ့သည်ဟု ဆိုသည်။

အနီးအနားရှီ အမည်မဖော်လိုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး “နေဗီက ရိက္ခာပို့တာလား ဘာလဲတော့ မသိဘူး။ အဲဒီ အောင်ဇေယျရွာဘက်ကို မကြာမကြာ လာတယ်။ အောင်ဇေယျ ရွာမှက ရွာသားတွေ မနေကြတော့ဘူး။ စစ်သားတွေ နေတာ ၃ လလောက်ရှိပြီ။ အဲဒီကို နေဗီက လာတာ။ လက်နက်ကတော့ နေ့တိုင်း၊ အချိန်တိုင်းလို ပစ်နေတာ။ အဲဒီ အောင်ဇေယျ ရွာဘက်ကနေ ပစ်ရင်ပစ်တယ်။ မဟုတ်ရင် တက်လာတဲ့ နေဗီက ပစ်ရင် ပစ်တယ်။ ကုန်းပေါ်က မပစ်ရင် မြစ်ဘက်က ပစ်တယ်ပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်း ကျောက်တန်းနယ်မြေအတွင်းရှိ အောင်ဇေယျ အနီးဝန်းကျင်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး AA တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဇက်ရေယာဉ်များကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်ဟု ၎င်းက ရပ်မိရပ်ဖက ပြောသည်။

ယင်းကိစ္စအား ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)၏ ထုတ်ပြန်ချက်တွင် “ယနေ့ မွန်းလွဲ ၁၁ နာရီ ၃၅ မိနစ်ခန့်အချိန်တွင် ဇာတိ-အာကာတောင် (မူဆလင်ကျေးရွာ)/ လက်ရှိ ကံဆိပ် (မူဆလင်ကျေးရွာ) တွင် အိမ်ထောင် ကျနေသူ မာမောက်ရော်ဖိ အသက် (၃ဝ) ကျော်ဝန်းကျင်သည် မယူမြစ်ထဲသို့ သွားလာ နေသော မြန်မာတပ်မတော် ရေယာဉ် လက်နက်ငယ်ပစ်ခတ်သဖြင့် လက်မောင်းတွင် ကျည်စ ထိမှန် ဒဏ်ရာရရှိသွားသဖြင့် ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်သွားကြောင်း ရေးသားဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ကျေးရွာ တာဝန်ရှိသူများက ဇက်ရေယာဉ်ပေါ်က ပစ်ခတ်ကြောင်း ပြောကြားသဖြင့် တပ်ဘက်က သဘောထားကို သိရှိလို၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအားလည်း နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ