ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် ရှစ်မြို့နယ်မှ ကွာရန်တင်းစင်တာများတွင် တစ်နေ့ ထမင်းသုံးနပ်စာ WFP မှ ထောက်ပံ့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ်ရှစ်ခုရှိ အသွားအလာကန့်သတ်စောင့်ကြည့်ထားသော ကွာရန်တင်း စင်တာများတွင် တစ်နေ့ အာဟာရ ပြည့်ဝသည့် ထမင်းသုံးနပ်စီ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( World Food Program- WFP) မှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ ကူညီထောက်ပံ့ရန်အတွက် လူကယ်ပြန်ဝန်ကြီးဌာန၏ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့အကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု စက်တင်ဘာ ၁၅ ရက်နေ့ဖြင့် WFP က သတင်းထုတ်ပြန်သည်။

၎င်းမြို့နယ် ၈ ခုမှာ ကျောက်ဖြူ၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် အမ်းမြို့နယ်များဖြစ်ကြသည်။ ၎င်း ၈မြို့နယ်ရှိ  အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေရသူများ အတွက် အသွားအလာ ကန့်သတ်မှု ကာလတစ်လျှောက်လုံး အသင့်စားသုံးနိုင်သော အာဟာရ ပြည့်ဝသည့် စားနပ်ရိက္ခာများကို WFP မှ တစ်ရက်လျှင် သုံးနပ်စာ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခု အစီအစဉ်နှင့် ပတ်သက်ပြီး WFP မှ ဆက်သွယ်ရေး အရာရှိ ဦးထက်ဦးလင်းက “ကျနော်တို့  WFP အနေနဲ့ ၁၉၉၄ ရခိုင်ပြည်နယ် ရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ကို အစဉ် မပြတ်ဆက်တိုက် ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အခု  ၂ဝ၂ဝ ရောက်လာတော့ ကိုဗစ် ၁၉ ဖြစ်လာတော့ တိုးတက်မှု ပြောင်းလဲမှုတွေ ရှိလာတဲ့ အပြင် သြဂုတ်လ အလယ်ပိုင်းလောက်ကနေ ဒုတိယလိုင်းလို့ ကျနော်တို့ ခေါ်လို့ရနိုင်မယ့် အခြေအနေကြောင့် ပိုပြီးတော့ စားနပ်ရိက္ခာ လိုအပ်မှုတွေက တိုးမြင့်လာတယ်ပေါ့နော်။  အဓိအားဖြင့် ကွာရန်တင်း စင်တာတွေမှာ စားနပ်ရိက္ခာ လိုအပ်မှုတွေ ရှိလာတယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ လိုအပ်မှု အပေါ်  နိုင်ငံတော် အစိုးရကို ဝိုင်းဝန်းထောက်ပံ့တဲ့ အနေနဲ့လည်း ဖြစ်တယ်။ ပီးတော့ လိုအပ်မှု ရှိလာတဲ့အတွက် တစိတ်တပိုင်း အနေနဲ့ ပါဝင်ကူညီပေးနိုင်တဲ့ အနေအထားအနေနဲ့ ဒီအစီအစဉ်ကို လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု အထောက်အပံ့အစီအစဉ်မှာ လုပ်ငန်းသစ် ဖြစ်ကြောင်း၊ မြို့နယ် ၈ မြို့နယ် ကွာရန်တင်း စင်တာများမှာ တစ်ခုနှင့် တစ်ခု မြေပြင် အခြေအနေက မတူသဖြင့် တချို့မြို့နယ်များတွင် WFP နှင့်   ရခိုင်ပြည်နယ် အစိုးရ၊ ပြည်တွင်း ဒေသခံ စေတနာဝန်ထမ်း အဖွဲ့အစည်းများ ပူးပေါင်း၍ ထမင်း ဟင်းလျာများကို ချက်ပြုတ်ပြီး တစ်နေ့ သုံးကြိမ် ကျွေးမွေးသွားမည် ဖြစ်ကြောင်း၊ တချို့နေရာများတွင် ပြည်တွင်း အန်ဂျီအိုများ မပါဘဲ WFP နှင့် ပြည်နယ် အစိုးရပူးပေါင်းပြီး ချက်ပြုတ်ကျွေးမွေးသွားမည် ဖြစ်ကြောင်း၊ မြို့နယ်များမှာ တစ်နေရာနှင့် တစ်နေရာ အခြေအနေ မတူသဖြင့် သေချာလေ့လာသုံးသပ်ပြီး အထိရောက်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၎င်းသဘောတူလက်မှတ်ကို ၂ဝ၂ဝ စက်တင်ဘာလ ပထမပတ်တွင် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊  စက်တင်ဘာလ ၁ဝ ရက်နေ့အထိ ကိန်းဂဏန်းများအရ ပြည်နယ်တစ်ဝှမ်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် လူဦးရေ ၁,၅ဝဝ ဝန်းကျင်ရှိကြောင်း WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ