သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၁၆ /၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကင်းစင်သွား၍ ယနေ့နေ့လယ် ၂ နာရီခန့်က လူပေါင်း ၁၉ ဦး ဆေးရုံက ဆင်းခွင့်ရရှိသွားခဲ့ပြီး စစ်တွေ၌ လက်ရှိအချိန်ထိ ဆေးရုံမှ ဆင်းခွင့်၇သူပေါင်းမှာ ၂၆၁ ဦး ရှိသွားပြီဟု သတင်းရရှိသည်။
ယခုဆင်းခွင့်၇သူ ၁၉ ဦးမှာ (၁၁) ကြိမ်မြောက်ပြီး စစ်တွေတိုင်းရင်းဆေးရုံမှ ဆင်းခွင့်ရရှိကြသူများ ဖြစ်ကြသည်။
အဆိုပါ ရောဂါကောင်းမွန်လာသူများ ဆေးရုံမှ ဆင်းချိန်တွင် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဆင်းခွင့်ရသူများအား ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ဆေးကုသခံနေသည့် ကိုဗစ်ပိုးတွေ့လူနာများအား အားပေးစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် ဆင်းခွင့်ရသူများကို ဒေါက်တာချမ်းသာ အပါအဝင် စစ်တွေဆေးရုံအုပ်ကြီး၊ ဆရာဝန်များနှင့် ဆေးရုံ ဝန်ထမ်းများက ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ယခုကဲ့သို့ ပိုးတွေ့လူနာများ အချိန်တို အတောအတွင်း ဆင်းခွင့်ရခဲ့ခြင်းမှာ လူနာများ စည်းကမ်းလိုက်နာမှု၊ ဆေးဝန်ထမ်းများ၏ စေတနာဖြင့် စောင့်ကြပ် ကုသမှု၊ နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များ အသိအမှတ်ပြုထားသည့် လိုက်နာရမည့် စံနှုန်းများအတိုင်း လုပ်ဆောင်ခဲ့၍ ဆေးရုံမှ ဆင်းခွင့်ရခြင်း ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က မီဒီယာများသို့ ပြောဆိုသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးနှင့် စစ်တွေတိုင်းရင်းဆေးရုံတွင် တက်ရောက်ကုသနေကြသည့် ကိုဗစ်လူနာမှာ ၄၅၀ ဦး ရှိပြီး လက်ရှိ ဆေးရုံမှ ဆင်းခွင့်၇သူမှာ စက်တင်ဘာ ၅ ရက်နေ့မှ စက်တင်ဘာ ၁၆ ရက်နေ့အတွင်း ၂၆၁ ဦး ရှိသွားခဲ့ပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က အတည်ပြု ပြောကြားသည်။
စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ပြီး ဆေးရုံမှ စတင်ဆင်းခွင့်ရခဲ့ရာ ၎င်းနေ့တွင် ၁၀ ဦး၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ၃ ဦး၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ၆၄ ဦး၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ၃၃ ဦး၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၁၈ ဦး၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ၃၅ ဦး၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ၈ ဦး၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ၅ဦး၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ၃၈၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၂၈ ဦးနှင့် စက်တင်ဘာလ ၁၆ ရက် ယနေ့တွင် ၁၉ ဦးဆင်းခွင့်ရရှိခဲ့သည်ဟု သိရသည်။
စစ်တွေမြို့တွင် ဆေးရုံတွင် တက်ရောက်ကုသနေ၇သူ လူနာမှာ ၁၈၉ ဦး ကျန်ရှိနေသေးသည်ဟု သိ၇သည်။
သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ့ ၅ နာရီ အချိန်ထိ ၇ခိုင်ပြည်နယ် အတွင်း ပို့တွေ့လူနာ ၉၀၄ ဦး ရှိသွားပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၆ ရက်နေ့ ညနေ့ထိ ပိုးတွေ့လူနာ ၃၆၃၆ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၈၃၂ ဦး ရှိကာ ရခိုင်ပြည်နယ်စစ်တွေပြည်သူ့ဆေးရုံကြီးမှ အသက်(၇၅)နှစ်အရွယ် လူနာအမှတ်(၂၄၆၃) လည်းတစ်ဦးအပါအဝင် တစ်နိုင်ငံလုံးတွင် ၃၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိ၇သည်။