Preview

ရွာပေါင်း ၆ ရွာမှ ထွက်ပြေးလာကြသည် လူပေါင်း ၉၀၀ ကျော် မဟာမုနိဘုရားတွင် ခိုလှုံ

စက်တင်ဘာ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :1325
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၁၇/၂၀၂၀

ကျောက်တော်မြို့နယ် ရွာ ၆ ရွာမှ လူပေါင်း ၉၀၀ ကျော်သည် ရွာများမှ စွန့်ခွာထွက်ပြေးလာပြီးနောက် မဟာမုနိဘုရားရှိ ဓမ္မာရုံများတွင် ခိုလှုံ နေကြသည်ဟု သတင်းရရှိသည်။

၎င်းကျေးရွာသာများမှာ အလယ်ကျွန်း၊ ကျောက်ဂူစု၊ မျောက်တောင်၊ သာစည်၊ ရွှေပြည်သစ်နှင့် ရွှေပြည်ဟောင်း ကျေးရွာတို့မှ ဖြစ်ကြောင်း၊ လက်ရှိ ဘုရားပုရဝုဏ်တောင်ဘက်ရှိ ဓမ္မာရုံ သုံးရုံတွင် နေရာချထားပေးကြောင်း ဒုက္ခသည်များ ယာယီနေရာချထားရေးကော်မတီ နာယက ဆရာတော် ပညာသီရိက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။  

“ ဒီလ ၅ ရက်နေ့က မဟာမုနိဘုရားကို စရောက်ပါတယ်။ လက်ရှိ ရောက်ရှိနေသူက စုစုပေါင်း ၉၄၃ ယောက်ဖြစ်ပါတယ်။ အိမ်ထောင်စု ၂၀၄ စု၊ ကျား ၄၅၄ ဦး၊ မ ၄၈၉ ဦးဖြစ်ပါတယ်။ အဓိက ရွာမှာ မနေရဲလောက်အောင် ကြောက်လန့်နေကြတဲ့ အတွက် ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။ သြဂုတ်လကုန်ရက်တွေက ရွှေပြည်တို့ အလယ်ကျွန်းတို့မှာ ဖြစ်စဉ်တွေကို တကာတို့လည်း အသိဖြစ်ပါတယ်” ဟု နာယက ဆရာတော် ပညာသီရိက ပြောသည်။  

လက်ရှိတွင် လူပေါင်း ၉၀၀ ကျော်အတွက် စားရေးသောက်ရေး အခက်အခဲ၊ နေရာစရာအခက်အခဲများရှိနေကြောင်း၊  အနီးအနားရှိ ကျေးရွာများမှ အကူအညီဖြင့် စားရေးသောက်ရေးကို ဖြေရှင်းနေကြောင်း၊ လူကယ်ပြန်မှလည်း လတ်တလော ဆန်အိတ် ၁၀၀ ထောက်ပံ့ထားကြောင်း ဆရာတော်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ဒီလို ဓမ္မာရုံတွေမှာ ဒီလောက်များတဲ့လူတွေ နေထိုင်ဖို့ ရေရှည်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဓမ္မာရုံဆိုတာကလည်း သိကြတဲ့ အတိုင်းပါဘဲ။ ဘုရားလာဖူးသူတွေကို ယာယီတည်းခိုနိုင်အောင်ထားတဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ရေရှည်နေလို့ရအောင်တော့ စီစဉ်ဖို့လိုပါတယ်။ လောလောဆယ်အခက်အခဲကတော့ ရိက္ခာနဲ့ နေရေးထိုင်ရေးပါ” ဟု ပြောကြားသည်။

မဟာမုနိဘုရားတွင် လူပေါင်း ၉၀၀ ကျော် ရောက်ရှိခိုလှုံနေကြောင်းကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့သို့ အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။

“ ICRC ကတော့ သူတို့စာရင်းရတယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ စာရင်းအ၇ သူတို့ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ လူကယ်ပြန်က ဆန်အိတ် ၁၀၀ ရောက်ရှိနေပါပြီ” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

မဟာမုနိ ဘုရားသို့ ထွက်ပြေးလာသည့် မျောက်တောင်ရွာမှ အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် ဒေါ်လှအေးစိန်က “ ရွာမှာ နေလို့က မဖြစ်ဘူး။ ရွာထဲ လက်နက်ကြီးကျည်ကျတယ်။ ရွာထဲဝင်လာရင်သေနတ်ပစ်တယ်။ အမျိုးမျိုး နှိပ်စက်ပါတယ်။ ရွာကလူတွေကို ခေါ်တယ်။ ဘုန်းကြီးကျောင်းမှာ စုတယ်။ မထင်ရင် မထင်သလို ရိုက်နှက်ပါတယ်။ ဖမ်းခေါ်သွားတယ်။ အိမ်ပေါ်က လိုချင်တာကို ယူတယ်။ လူတွေမခံနိုင်တော့ဘူး” ဟု ပြောကြားသည်။

မျောက်တောင်ကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိပြီး ရွာကို စောင့်ရှောက်ရန် ကျန်ရှိခဲ့သူ အနည်းအကျဉ်းမှ အပ အများစုမှာ ထွက်ပြေးလာခဲ့ကြသည်ဟု ပြောကြားသည်။

( မဟာမုနိ ဓမ္မာရုံများတွင် ခိုလှုံနေကြသူများ/ဓာတ်ပုံ- ဗျာလခိုင်)

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.