ရခိုင်တွင်တစ်နေ့တည်း၌ ကိုဗစ်လူနာရာချီတွေ့


ခိုင်လူလှ (ရိုးမမြေ)
နိဂဥ္စရာ၊ စက်တင်ဘာ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် စက်တင်ဘာ ၂၆ ရက် ညနေ၈ နာရီမှ ၂၇ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၁၉ဝ ဦးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းပိုးတွေ့လူနာများမှာ စစ်တွေမြို့နယ်မှ ၁၁၈ ဦး၊ ကျောက်ဖြူမြို့နယ်မှ  ၂၃ ဦး၊ မြောက်ဦး မြို့နယ်မှ ၁၄ ဦး၊ ကျောက်တော် မြို့နယ်မှ ၁၁ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ၆ ဦး၊ မောင်တော မြို့နယ်မှ ၅ ဦး၊ ပေါက်တော မြို့နယ်မှ ၃ဦး၊ တောင်ကုတ် မြို့နယ်မှ ၂ဦး၊ ဘူးသီးတောင် မြို့နယ်မှ ၂ ဦး၊ မင်းပြားမြို့နယ်မှ ၂ ဦးနှင့် အမ်း၊ သံတွဲ၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်မှ တစ်ဦးစီ ဖြစ်ကြသည်။

မင်းပြားမှ (၂)ဦးမှာ ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသူများသာဖြစ်ပြီး ရခိုင်ပြည်နယ်တွင် စုစုပေါင်း (၁၈၈)ဦး ပိုးတွေ့ရှိခဲ့သည်ဟု Rakhine Covid-19 Watch ၏ သတင်းအရ သိရသည်။

စက်တင်ဘာ ၂၈ ရက် စစ်တွေဆေးရုံကြီး ဆင်းခွင့်ရရှိသူ ၆ဝ ဦး ရှိခဲ့ပြီး စုစုပေါင်း စစ်တွေတွင် ဆင်းခွင့်ရသူမှာ ၅၆၃ ဦးရှိပြီဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီးမှ သူ၏ ပို့စ်တွင် ရေးသားဖော်ပြထားသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ပိုးတွေ့လူနာပေါင်းမှာ ၁၃ဝ၇ ဦးရှိသွားပြီဖြစ်ကာ ပြန်လည်သက်သာလာ၍ ဆေးရုံက ဆင်းခွင့်ရသူပေါင်းမှာ ၈ဝ၉ ဦး ရှိပြီဟု Rakhine Covid-19 Watch ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၂၈ ရက်နေ့ ည (၅) နာရီထိ သေဆုံးသူ ၂၂၆ ဦး၊ ပိုးတွေ့သူပေါင်း ၁ဝ၇၃၄ ဦး၊ ပြန်လည် သက်သာကောင်းမွန်လာသူ ၂၈၆၂ ဦး၊ စောင့်ကြည့်လူနာ ၁၃၇၇၃ ဦး၊ ဓာတ်ခွဲစစ်ဆေးသူ ၂၄၅၁၅၄ ဦးရှိပြီဟု သိရသည်။

Share: