Preview

အင်တာအသုံးပြုနိုင်ရေး ၂ မိုင်ခန့်ဝေးသောနေရာထိ မင်းပြားမြို့ဒေသခံတို့ သွားရောက်နေကြရ

စက်တင်ဘာ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :884
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၂၉ / ၂၀၂၀

မင်းပြားမြို့ ဒေသခံများသည် အင်တာနက် အသုံးပြုနိုင်ရန် အတွက် မြို့နှင့် ၂ မိုင်ခန့် ကွာဝေးသော နေရာ တစ်ခုထိ သွားရောက်ပြီး အသုံးပြုနေရသည့် သတင်းရရှိသည်။

၎င်းနေရာမှာ ပေါက်တော- မင်းပြား ကားလမ်းဘေးတွင်တည်ရှိသော ကျားရေပြင်ကျေးရွာ အနီးနေရာ ဖြစ်ကြောင်း မင်းပြားဒေသခံများက ပြောသည်။

မင်းပြားမြို့နယ်တွင် အင်တာနက် 2G ( E) အဆင့်သာရရှိပြီး ပေါက်တောမြို့နယ်တွင် 4G အဆင့်ထိ ရရှိသဖြင့် ပေါက်တောမြို့နယ်အနားထိ ဆိုင်ကယ်များဖြင့် လာရောက်ပြီး အင်တာနက် အသုံးပြု၇ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

မင်းပြားမြို့ ဒေသခံ မခင်နန်းက “ မြို့ထဲမှာက လိုင်းမရဘူး။ 2G နဲ့ သုံးစားလို့တောင်မှ မရဘူး။ အခုလိုင်းသုံးဖို့ သွားတဲ့ နေရာဆိုရင်လည်း ဆိုင်ကယ်နှင့် နာရီဝက်လောက်သွားရတယ်။ အခုက ကိုဗစ်ကလည်းဖြစ်နေပေမယ့် ကျမတို့ဖက်မှာ ဘာသတင်းအချက်အလက်မှလည်း မသိရဘူး။ ကြော်ငြာ ဆိုင်းဘုတ်တွေလည်း မရှိဘူး။ ဒါကြောင့် ကျမတို့က သတင်းအချက်အလက်တွေကို သိရှိရဖို့အတွက်နဲ့ တစ်ခြား သိချင်တဲ့ အကြောင်းအရာ တွေရှိရင် အဲဒီနေရာအထိ အင်တာနက် သွားသုံးရတာဖြစ်တယ်။ ကျမတို့လို့ လူငယ်ပိုင်းတွေ သာမက လူကြီးပိုင်းတွေလည်း သတင်းကြည့်ဖို့အတွက် လိုင်းသုံးဖို့ ရောက်လာတာတွေရှိတယ်” ဟုပြောသည်။

မင်းပြားမြို့မှ ဒေသခံများမှာ ယခုလက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကိစ္စနှင့် ပတ်သက်၍ သတင်းအချက်များ သိရှိလိုခြင်း၊ တခြား အကြောင်းအရာကိစ္စများအား သိရှိစေရန်အတွက် ၄င်းနေရာအထိ သွားပြီး အင်တာနက် အသုံးပြုနေ၇ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

အင်တာနက်လိုင်းသုံးခွင့်ရရှိရန်အတွက် ကျားရေပြင်ရွာဖက်သို့သွားသည့် လမ်းတစ်နေရာတွင် မြန်မာ့တပ်မတော် တပ်စခန်းတစ်ခုကို ဖြတ်လျှောက်ပြီးသွားနေရသဖြင့် တစ်စုံတစ်ခု ပြဿနာဖြစ်မည်ကိုလည်း စိုးရိမ်နေ၇ကြောင်း မြို့ခံများက ပြောဆိုကြသည်။

မင်းပြားဒေသခံတစ်ဦးဖြစ်သူ ကိုကျော်သန်းက “ အခုဆိုရင် ကျနော်တို့မြန်မာနိုင်ငံမှာ ကိုဗစ်ကလည်း တကျော့ပြန်ဖြစ်နေတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုလိုရှိရင် စစ်ကိုရော၊ ကိုဗစ်ကိုရော နှစ်ခုစလုံးကို ရင်ဆိုင်နေရတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ သိသင့်၊ သိထိုက်တဲ့ သတင်းအချက်အလက်တွေကို သိရှိအောင် အတွက် အဲဒီနေရာအထိ သွားပြီးတော့ လိုင်းသုံးရတာဖြစ်တယ်။ နေသာတဲ့နေ့တွေဆိုရင် လူဦးရေ ၁၀၀ နီးပါးလောက်တော့ သွားကြမယ်ထင်တယ်။ မိုးရွာတဲ့နေတွေဆိုရင်တော့ သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ မိုးခိုစရာတွေမရှိတဲ့အတွက် ကျနော်တို့ မသွားဘူး” ဟုပြောသည်။

အလားတူ ကျောက်တော်မြို့ပေါ်တွင်းလည်း ပြီးခဲ့သော ရက်ပိုင်းမှစ၍ ကိုဗစ်- ၁၉ သတင်း အချက်အလက် များကို သိရှိရန်အတွက် မြို့ပေါ်တွင်  လူစည်းကားသော နေရာများဖြစ်သော နေရာ ရ ခုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ဗွီနိုင်းများဖြင့်ကပ်ပေးထားကြောင်း သိရှိ၇သည်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ၇ခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တို့အား ပြီးခဲ့သော ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့မှစ၍ အင်တင်နက်လိုင်းများကို ပိတ်ထားခဲ့ရာ ၂၀၁၉ သြဂုတ်လ ၃၁ ရက်နေ့တွင် မောင်တော၊ ဘူးသီးတောင်၊ ၇သေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အား ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံပိတ်ထားခဲ့သည်။

၄င်းအပြင် ၂၀၂၀ ခုနှစ် မေလ ၃ ရက်နေ့တွင် အင်တာနက်ပိတ်ထားခြင်းခံ၇သော မြို့နယ်များမှ မောင်တောမြို့နယ်တစ်ခုတည်းကိုသာ အင်တာနက် ပြန်လည်ဖွင့်ပေးခဲ့သည်။

မောင်တောမြို့အား အင်တာနက်ဖွင့်ပေးပြီးနောက် ၃ လအကြာ ၂၀၂၀ သြဂုတ်လ ၂ ရက်နေ့တွင် ကျန်မြို့နယ်များအား အင်တာနက်လိုင်း 2G အဆင့် ပြန်လည်ဖွင့်ပေးခဲ့သည်။ 2G အဆင့်မှာ သုံးစားမရသဖြင့် ဒေသခံများမှာ အင်တာနက်မှ  သတင်းအချက်အလက်များကို မသိရှိကြ၇ဟုဆိုသည်။

Photo by LAY MRO -Minbya CJ News



#အင်တာနက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.