ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

နိုင်ငံပိုင်မီဒီယာမှ ပြောကြားသည့် မိန့်ခွန်းအစီအစဉ်တွင် AFP ပါဝင်မည်မဟုတ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၃ဝ/၂ဝ၂ဝ

နိုင်ငံပိုင် မီဒီယာများဖြစ်ကြသည့် သတင်းစာများနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ပြည်သူသို့ ချပြပြီး မဲဆွယ်စည်းရုံးခြင်းပြုလုပ်သည့်  အစီအစဉ်တွင် ရခိုင့်ဦးဆောင်ပါတီ (AFP) ပါဝင်မည် မဟုတ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က သတင်းထုတ်ပြန်သည်။

ရခိုင်ဦးဆောင်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပါတီ၏ ဆိုရှယ်လူမှု စာမျက်နာမှ တစ်ဆင့် MRTV နှင့် နိုင်ငံပိုင် သတင်းစာများကတဆင့် မဲဆွယ်စည်းရုံးခြင်း အစီအစဉ်တွင် ရခိုင့်ဦးဆောင်ပါတီ (AFP)  ပါဝင်မည် မဟုတ်ကြောင်း အသိပေးချက်တစ်စောင်ကို  စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်တည်းဖြတ်မှုများသည် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဘောင်ကို ကျော်လွန်လျက် မိမိတို့ပါတီ၏ တင်ပြချက်များကို တည်းဖြတ်မှုပြုသည်ဟု မှတ်ယူနိုင်လောက်သည့် အတိုင်းအတာအထိ အလွန်အကျွံ ဖြတ်တောက်ထားကြောင်း တွေ့ရှိရပါသည်" ဟု ဖော်ပြသည်။

ထိုသို့ လုပ်ဆောင်မှုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အကြောင်းကြားစာပေးပို့လျက် MRTV နှင့် နိုင်ငံပိုင် သတင်းစာများကတဆင့် မဲဆွယ်စည်းရုံးခြင်း အစီအစဉ်တွင် ရခိုင့်ဦးဆောင်ပါတီ (AFP) က ပါဝင်မည် မဟုတ်ကြောင်း အသိပေးခဲ့ပါကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အား သိလို၍ ရခိုင့်ဦးဆောင်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးနှင့် ဦးစိုးဝင်းတို့အား နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ရခိုင့်ဦးဆောင်ပါတီဝင် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းအား ဆက်သွယ်ခဲ့ရာ “ကျွန်တော်တို့မှာက ပါတီအနေနဲ့ ဦးကျော်ဇောဦးကို ပြောရေးဆိုခွင့် နေရာ ထားထားတာပေါ့နော်။ ကျွန်တော်တို့က အဲဒီကိစ္စကို ပြောခွင့်မရှိဘူးပေါ့။ ကျွန်တော်တို့က ဖြေပေးရင်တော့ ရပါတယ်။ ဒါပေမယ့် သူကပဲ ပြောရေးဆိုခွင့်ရှိသူလေ။ အဲဒါကြောင့်မို့ပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် ၁၅ မိနစ်ခန့် ထုတ်လွှင့်ခဲ့သည့် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုများက မဲဆွယ်စည်းရုံးသည့် အစီအစဉ်တွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းအချို့ဆင်ဆာ ဖြတ်တောက်ခြင်းခံခဲ့ရကြောင်း ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

လက်ရှိတွင် ရခိုင်ဦးဆောင်ပါတီသာမက ဦးကိုကိုကြီး ဦးဆောင်သည့်  ပြည်သူ့ပါတီ၊ လူဘောင်သစ် ပါတီတို့သည်လည်း ထိုသို့ ဆင်ဆာဖြတ်တောက်မှုများ ရှိသဖြင့် အစိုးရမီဒီယာများမှ တစ်ဆင့် မဲဆွယ်စည်းရုံးရေး မလုပ်တော့ဟု ထုတ်ပြန်ကြေငြာထားသည်။

( Photo by U Kyaw Lwin)

ဆက်စပ် သတင်းများ