Preview

ရမ်းဗြဲမြို့နယ်သံချောင်းကျေးရွာသားများကို ဖမ်းဆီးခြင်း မရှိဟုဆို

စက်တင်ဘာ ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :7833
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သံချောင်းကျေးရွာသို့ တပ်မတော်စစ်ကြောင်း တစ်ခု ရောက်လာပြီး ရွာသားများကို စစ်ဆေးမေးမြန်းမှုများရှိသော်လည်း ဖမ်းဆီးမှု မရှိကြောင်း ရွာသားများက ပြောကြားသည်။

“ ရွာသားသုံးယောက် အဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။ စစ်ကြောင်းရောက်လာတာတော့ မှန်ပါတယ်။ ရွာသားတွေကို စစ်ဆေးတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ကလည်း ရွာသားတွေ ကိုယ့်ဟာကိုယ် အေးအေးဆေး လုပ်စားနေကြတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြပါတယ်။ တချို့က တပ်ကို သတင်းအမှားတွေပေးလို့ ခုလို လာစစ်တာလို့ သိရပါတယ်” ဟု ရွာသားတစ်ဦးက ပြောကြားသည်။

စီးပွားရေးအရ မကျေနပ်သည့် အုပ်စုတစ်စု AA နှင့် အဆက်အသွယ်ရှိသည်ဟု သွားရောက် တိုင်ကြားရာမှ တပ်မတော်စစ်ကြောင်း တစ်ခုရွာထဲသို့ ရောက်လာပြီး စစ်ဆေးပြီး လူသုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ရွာသားများမှာ စက်တင်ဘာ ၃၀ ရက်နေ့ထိ ရွာမှ ထွက်ပြေးနေရကြောင်း စသဖြင့် ဆိုရှယ်မီဒီယာများတွင် သတင်းအဖြစ် ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ၎င်းကျေးရွာသားက “ စီးပွားရေးအရ မကျေနပ်သည့် အုပ်စုတစ်စုက အချင်းချင်း သွားရောက်တိုင်ကြားတယ်ဆိုတာ မှန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ရွာသား သုံးယောက်ကို ဖမ်းခေါ် သွားတယ်ဆိုတာ သတင်းမှားပါတယ်။ တပ်မတော်စစ်ကြောင်း ရောက်လာတာလည်း မှန်ပါတယ်။ ရွာသားတစ်ယောက်ကိုမှ ဖမ်းဆီးတာတော့ မရှိပါ” ဟု ပြောကြားသည်။

၎င်းတပ်မတော်စစ်ကြောင်းမှာ အင်အား ၈၀ ခန့်ပါပြီး ကျောက်ဖြူ အခြေစိုက် ၃၄ တပ်ရင်းမှ ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့ ညဉ့်အချိန် သံချောင်းရွာသို့ ရောက်ရှိပြီး ၂၉ ရက်နေ့ ညဉ့်အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ရွာတွင် တစ်စုံတစ်ရာ ထိခိုက်မှု ဖြစ်အောင် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ရွာတာဝန်ရှိသူ တစ်ဦးကလည်း ပြောကြားသည်။

ရမ်းဗြဲမြို့နယ် သံချောင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသည့် ကျေးရွာ တစ်ရွာ ဖြစ်ကြောင်း သိ၇သည်။

#စစ်ရေးစစ်ရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.