Preview

မင်းပြားမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

အောက်တိုဘာ ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :8045
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၁/၂၀၂၀

၇ခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စက်တင်ဘာ၃၀ ရက် နေ့ခင်းဘက်တစ်ကြိမ်၊ အောက်တိုဘာ ၁ ရက် နံနက်အစောပိုင်းတွင် တစ်ကြိမ် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အနီးအနားကျေးရွာများတွင် နေထိုင်သည့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ ဒီကနေ့ မနက် တိုက်ပွဲဖြစ်တာက ဖားပြိုရွာနောက်ဘက် ဆနွင်းတောင်ဝင်၀ ဘိတ်တောင်မှာဖြစ်ကြပါတယ်။ မနက် ၄ နာရီ ၁၅ မိနစ်လောက် သေနတ် စပေါက်တာကို ကြားရပါတယ်။ နာရီဝက်ကျော်ကျော် မိနစ် သုံးဆယ်လောက် အဲသလောက်ဘဲ သေနတ်သံကြားလိုက်၇ပါတယ် ” ဟု ပြောကြားသည်။

ယခုတိုက်ပွဲဖြစ်ပွားသော ဘိတ်တောင်မှာ ဆနွင်းတောင်ဝင်၀တွင် တည်ရှိပြီး ရာမောင်တောင် တံတားနှင့် နီးကြောင်း၎င်းက ဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲမှာ မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီး ဇောက်ချောင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီစစ်ကြောင်းက တိုင်းဗဟို ၉ကလာတဲ့ တပ်မတော် စစ်ကြောင်းလို့ သိ၇ပါတယ်။ နေ့လယ် ၁ နာရီ လောက်မှာ ဖြစ်ကြတယ်။ အဲဒီတိုက်ပွဲက မိနစ် ၃၀ လောက်ဘဲကြာပေမယ့် ပြင်းထန်ပါတယ်။ နှစ်ဘက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေသုံးပြီး ပစ်ကြပါတယ်။ မေလွမ်းရွာ ထဲမှာတော့ လက်နက်ကျည်ဆံ ထိမှန်တချို့ရှိတယ်လို့ကြားရပါတယ်” ဟု ၎င်းဒေသခံက ပြောကြားသည်။

တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း အရပ်သားထိခိုက်မှု တစ်စုံတစ်ရာ ရှိသည်ဟု မကြားသိရကြောင်း၊ ကားလမ်းတစ်လျှောက် ကားအသွားအလာများ မရှိကြောင်း ၎င်းက ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က မင်းပြားမြို့နယ်တောင်ပိုင်း ရန်ကုန်- စစ်တွေကားလမ်းဘေး မေလွမ်းရွာအနီး ဇောက်ချောင်းတွင် နေ့လယ် ၁ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၄ နာရီကျော် အချိန်တွင် ရာမောင်တံတားအနီး ဆနွင်းတောင်ဝင်၀ တောင်ကုန်းပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း ပြောကြားသည်။

၇ခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အား ချန်လှပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်မှုရပ်စဲကြောင်း တပ်မတော်မှ ထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။


#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.