Preview

ရမ်းဗြဲမြို့နယ်တွင် ANP ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တစ်ခုဖျက်ဆီးခံရ

အောက်တိုဘာ ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :10416
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အနောက်ရွာအုပ်စု၊ ရဲရုကျေးရွာတွင် ရခိုင်အမျိုးသားပါတီ (ANP) အောင်နိုင်ရေး ဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံလိုက်ရပြီးနောက် ယင်းနေရာ၌ပင် ပြန်လည် စိုက်ထူခဲ့ကြကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့က ရဲရုကျေးရွာရှိ ဈေးအနီးတွင် လူစည်ကားသည့် နေရာတစ်ခုတွင် စိုက်ထူထားသည့် ANP ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်အား ဖျက်ဆီးခံလိုက်၇ပြီး စက်တင်ဘာ ၂၆ ရက်နေ့တွင် ယင်းနေရာ၌ ပြန်လည် စိုက်ထူခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ရမ်းဗြဲမြို့နယ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းထွန်းဦးက နိရဥ္စရာသို့ ပြောသည်။

 “ကျွန်တော်တို့က လုပ်တဲ့သူကို မျက်မြင်မမြင်လိုက်ရတဲ့အတွက်ကြောင့် ဘာမှ မလုပ်ဘဲ ဒီအတိုင်းပဲ ထားလိုက်တယ်ပေါ့။ အဲဒီနေရာမှာပဲ ကျွန်တော်တို့ အသစ်ပြန်ထောင်ခဲ့ကြပါတယ်။ အဲဒီ ဆိုင်းဘုတ်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မျက်နှာကို ဓါးနဲ့ ထိုးပြီး အပေါက်အကွင်းဖြစ်အောင် လုပ်ခဲ့တာပေါ့။  သူတို့က စက်တင်ဘာ ၂၃ ရက်နေ့ ဆိုင်းဘုတ်ကို လှဲထားခဲ့တယ်။ ကျွန်တော်တို့က ပြန်ထူတယ်။ နောက်တစ်နေ့ကျတော့ အဲလို လုပ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

ရမ်းဗြဲမြို့နယ်တစ်ခုလုံးတွင် ANP ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ် ၇၀ ခန့် စိုက်ထူထားပြီဖြစ်ကြောင်း၊ ယင်းထဲမှ အဆိုပါ ကျေးရွာတွင် ပထမဆုံး ဖျက်ဆီးခံခဲ့၇ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ကျွန်တော်တို့က အမျိုးသားရေး မူဝါဒတစ်ခုတည်းနဲ့ သွားနေတယ်။ အောင်နိုင်ရေး ဆိုင်းဘုတ်ဆိုတာကလည်း ကြောငြာတဲ့ သဘောပေါ့နော်။ ပါတီစည်းရုံးရေး လုပ်ငန်းတွေနဲ့ ပါတီကို အားပေးထောက်ခံတဲ့ သူတွေကတော့ ဆိုင်းဘုတ်ဖျက်ဆီးခြင်းခံရတဲ့ အပေါ်မှာ စည်းရုံးရေးအတွက်၊ အောင်နိုင်ရေးအတွက် အားလျော့သွားမယ် လို့တော့ မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အဲဒီအပေါ်မှာ ခံစားချက်လည်း မရှိဘူးပေါ့” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် အလားတူဆိုင်းဘုတ်ဖျက်ဆီးမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့်လည်း ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင် ကော်မတီဝင် ဦးခိုင်ကောင်းစံက ယခုကဲ့သို့ ရွေးကောက်ပွဲဆိုင်းဘုတ်များကို ဖျက်ဆီးခြင်းမှာ မဖြစ်သင့်ကြောင်း ပြောဆိုသည်။

“ဒီဖြစ်ရပ်မျိုးတွေက ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ မဖြစ်သင့်တဲ့ အရာတွေဖြစ်တာပေါ့နော်။ တကယ်တန်းက ယှဉ်ပြိုင်တဲ့ အချိန်မှာ တရားမျှတစွာနဲ့ ယှဉ်ပြိုင်ဖို့ လိုတာပေါ့နော်။ တစ်ဖက်ကို တစ်ဖက်ဖြစ်စေ၊ တစ်ဦးကို တစ်ဦးက ဖြစ်စေ လူပုဂ္ဂိုလ်တွေရဲ့ ခံစားချက်အရ ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးတာဆိုရင်လည်း မလုပ်သင့်ဘူးပေါ့နော်။ ကိုယ်က မကြိုက်ရင်တောင်မှ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမျိုးကတော့ ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီသည် ၇ခိုင်ပြည်နယ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲ၌လည်း လွှတ်တော်သုံးရပ်တွင် နေရာ ၄၅ နေရာ အနိုင်ရရှိခဲ့သည်။

လာမည့်ရွေးကောက်ပွဲမှာလည်း ၇ခိုင်က မြို့နယ်အားလုံးတွင် ပြည်နယ်လွှတ်တော်အတွက် ၃၃ နေရာ၊ ပြည်သူ့ လွှတ်တော်၌ ၁၇ နေရာ၊ အမျိုးသားလွှတ်တော်၌ ၁၂ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသား လူမျိုးလွှတ်တော် ၁ နေရာ၊ ဧရာ၀တီတိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသား လူမျိုးလွှတ်တော် တစ်နေရာ၊ ငပုတောမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာ၊ စုစုပေါင်း ၆၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိ၇သည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.