Preview

နေရပ်ပြန်စေတနာ့ဆေးဝန်ထမ်းများကို စစ်တွေမှကိုဗစ်လူနာများက ကျေးဇူးတင်စကားဆို

အောက်တိုဘာ ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :5194
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ထမ်းဆောင်သည့် ကာလပြီးပြည့်သွားပြီ ဖြစ်သဖြင့် နေရပ်အသီးသီးသို့ ပြန်သွားကြသည့် စေတနာ့ဆေးဝန်ထမ်းများကို ပိုးကင်းစင်သွားသူ စစ်တွေဒေသခံများက ကျေးဇူးတင် စကား ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက လေကြောင်းခရီးဖြင့် နေရပ်ပြန်သွားကြသည့် စေတနာ့ ဆေးဝန်ထမ်း ၅၃ ဦးရှိပြီး သူတို့ အပါအဝင် လာရောက်တာဝန်ထမ်းဆောင်နေသည့် ဆေးဝန်ထမ်းများ အပေါ်အထူးကျေးဇူးတင်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

ကိုဗစ်ပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့သူ အမျိုးသမီး မစောမြင့်က “အရမ်းကျေးဇူးတင်ပါတယ်။ ကိုယ့်အိမ်ကို စွန့်ပြီး၊ ကိုယ်မိသားစုကို ထားခဲ့ပြီး သူများနယ်မြေကို လာပြီး အကူညီပေးတာကို ကျေးဇူးတင်ရမှာပေါ့နော်။ သူတို့တွေလည်း သူတို့ရဲ့ နယ်မြေကို ချောမွေ့စွာ ပြန်ရောက်ပါစေလို့၊ ဆက်လက်ပြီးတော့လည်း သူတို့ ကိုယ့်ပြည်၊ ကိုယ့်ရွာမှာ တာဝန်တွေကို ချောမွေ့စွာ ထမ်းဆောင်နေပါစေလို့ ဆုတောင်းပေးပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းအချို့အားလည်း အမြန်ဆုံး ပျောက်ကင်းရန် ဆုမွန်ကောင်းတောင်းပေးကြောင်း သူမက ဆက်ပြောသည်။

ကိုဗစ်ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ မဝင်းမာကလည်း “သူတို့တွေကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ သူတို့တွေ အခုလို ကုသပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ ကိုယ်ကျိုးအတွက် မကြည့်ဘဲ ပြည်သူအတွက် လုပ်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ဆရာတွေ ဆရာမတွေက သူတို့ မိသားစုတွေ အတွက်လည်း မကြည့်ဘဲ ရခိုင်ပြည်သူတွေ အတွက် လာရောက် တာဝန် ထမ်းဆောင်ပေးတဲ့ အတွက် အဲဒီ ရောက်လာခဲ့တဲ့ ဆရာ၊ ဆရာမတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ဆေးရုံကြီးသို့ စေတနာ့ဆေးဝန်ထမ်း ၁၀၄ ဦးရောက်ရှိခဲ့ပြီး အများစုမှ တာဝန်ထမ်းဆောင်ချိန် ပြည့်သွား၍ နေရပ်အသီးသီးရှိ ကျန်းမာရေးဌာနများသို့ ပြန်သွားကြပြီဟု သိ၇သည်။

စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က “ပထမသုတ်၊ ဒုတိယသုတ်၊ တတိယသုတ်၊ စတုတ္ထသုတ်ဆိုပြီး ၁၀၄ ဦးရောက်ရှိခဲ့ပါတယ်။ အဲဒီထဲက ၅၃ ဦးက မနေ့က ပြန်သွားကြပါတယ်။ အဲဒီ ပြန်သွားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအစား နောက်ထပ် ကျန်းမာရေး ဝန်ထမ်း ၃၀ လောက် ပြန်အစားထိုးလိုက်ပါတယ်” ဟု ပြောကြားသည်။

 အသစ်ရောက်ရှိလာသည့်ဆေးဝန်ထမ်းများမှာ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၁၂ ယောက်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ဆရာဝန် ၃ ယောက်၊ ဆရာမ ၄ ယောက်၊ MSF (နယ်စည်းမခြားဆရာဝန်များအဖွဲ့) က ဆရာဝန် ၃ ယောက်တို့ ဖြစ်ကြောင်း ဒေါက်တာဇော်လွင်က ပြောကြားသည်။

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိတွင် လက်ထောက်ဆရာဝန်နှင့် အထူးကု ဆရာဝန်အပါအဝင် ၇၀ဦး၊ သူနာပြု ၁၅၀ဦး နှင့် ကျွမ်းကျင်ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၄၅၀ ဦးခန့်တို့ရှိကြောင်း၊ ယင်းအပြင် လက်ရှိတွင် စစ်တွေဆေးရုံကြီး၌ ယာယီစေတနာ့ကျန်းမာရေးဝန်ထမ်း ၈၁ ဦးခန့်ရှိကြောင်း သိ၇သည်။

ယနေ့ နံနက်ပိုင်းအထိ စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထား၇သူ ၁၇၉ ဦးရှိပြီး ပိုးတွေ့လူနာ ၆၆၈ ဦးမှာဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း သိ၇သည်။

ယနေ့ နံနက်ပိုင်းအထိ ၇ခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅၀၂ ဦးရှိပြီး တစ်ပြည်နယ်လုံး ဆေးရုံဆင်းခွင့်၇လူနာ ၁၀၆၄ ဦးကြောင်း၊ သေဆုံးသူ ၃ ဦးရှိကြောင်း ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောသည်။

(ဓာတ်ပုံ- ဒေါက်တာဇော်လွင်/စစ်တွေဆေးရုံအုပ်ကြီး)

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.