နိရဥ္စရာ၊ အောက်တိုဘာ၂/၂၀၂၀
KBZ Group နာယကကြီး ဦးအောင်ကိုဝင်းမှ ၇ခိုင်ပြည်နယ် COVID-19 ကာကွယ်ရေးအတွက် ကျပ် သိန်း ၇၅၀နှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို We Love Rakhine လူမှုရေး အဖွဲ့အစည်းမှ လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
စက်တင်ဘာ ၃၀ ရက်နေ့က စစ်တွေမြို့နယ် အတွက် ထိုကူညီလှူဒါန်းငွေထဲမှ ကျပ်သိန်း ၂၀၀နှင့် တစ်ခြား သီးသန့် လှူဒါန်းထားသည့် COVID-19 ကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများဖြစ်ကြသည့် Mask - (၂၀၀,၀၀၀) (၂ သိန်း)၊ ခေါင်းစွပ် (၃,၀၀၀)၊ လက်အိတ် (၁၀,၀၀၀)၊ Face Shield (၁,၀၀၀)၊ Hand Gel (၁,၀၀၀)၊ PPE (၅၀၀) နှင့် မျက်မှန် (၁၀၀) တို့ကို စစ်တွေ ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီးမှ တဆင့် လှူဒါန်းခဲ့သည်ဟု သိ၇သည်။
၎င်းပြင် မြောက်ဦးဆေးရုံအတွက် ကျပ်သိန်း ၅၀၊ ကျောက်ဖြူဆေးရုံအတွက် ၁၀၀၊ မောင်တောဆေးရုံအတွက် သိန်း ၁၀၀၊ သံတွဲ ဆေးရုံအတွက် ၁၀၀၊ ကျောက်တော် ဆေးရုံအတွက် သိန်း ၅၀၊ မင်းပြား ကျောက်တော် ဆေးရုံအတွက် ၅၀၊ တောင်ကုတ် ကျောက်တော် ဆေးရုံအတွက် ၅၀၊ အမ်း ကျောက်တော် ဆေးရုံအတွက် ၅၀ နှင့် မာန်အောင် ကျောက်တော် ဆေးရုံအတွက် ၅၀ တို့ကို လှူဒါန်းခဲ့ကြောင်း We love Rakhine ဒုဥက္ကဋ္ဌ ဦးတင်ငြိမ်းဦးက နိရဥ္စရာသို့ ပြောကြားသည်။
“ ကျွန်တော်တို့ We Love Rakhine အနေနဲ့ KBZ နာယကကြီး ဦးအောင်ကိုဝင်းလှူဒါန်းတာကို ရခိုင်ပြည်နယ်မှာ လိုအပ်မယ့် နေရာတွေကို ခွဲဝေ လှူဒါန်းတာရှိသလို ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း မြို့နယ် အသီးသီးမှာ လှူဒါန်းနေတာ ရှိပါတယ်။ အထူးသဖြင့် ကိုဗစ်ရောဂါကြောင့် အခက်အခဲ မဖြစ်စေဖို့ ရည်ရွယ်ပြီးတော့ Mask တွေ၊ တစ်ခြားလိုအပ်တဲ့ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းနေတာတွေလည်း ရှိပါတယ်”ဟု ဦးတင်ငြိမ်းဦးက ပြောကြားသည်။
We Love Rakhine ရခိုင်လူမှုအဖွဲ့အစည်းကို ရခိုင်အမျိုးသားများသာမက ရခိုင်ပြည်နယ်ကို ချစ်မြတ်နိုးသူ၊ သံယောဇဉ်ရှိသူများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကိုဗစ်ကာလအတွင်း၌သာမက တစ်ခြား ရခိုင်ပြည်နယ်တွင် ကျရောက်သည့် လေဘေး၊ ရေဘေး၊ သဘာ၀ ဘေးန္တရာယ်များကျရောက်သည့် အခါတိုင်း ကူညီ ထောက်ပံ့ နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင်လည်း CEC တစ်ဦးထားရှိပြီး မြို့နယ်များ၏ လိုအပ်ချက်ကို တိုက်ရိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိသည်ဟု သိ၇သည်။