သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောဆေးရုံတွင် ကိုဗစ်သံသယလူနာတစ်ဦးသေဆုံးသွား၍ သွားလာရေးဆင်ခြင်ကြရန်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောဆေးရုံတွင် လူနာတစ်ဦး ဆေးရုံသို့ ရောက်ရှိပြီး ၃ နာရီခန့် အကြာတွင် သေဆုံး သွား၍ ကိုဗစ်-၁၉ သံသယလူနာ အဖြစ်သတ်မှတ်ထားသဖြင့် ပေါက်တောမြို့ပေါ်တွင် သွားလာရေး ဆင်ခြင်ကြရန် သက်ဆိုင်ရာက သတိပေးနိုးဆော်ထားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ ပေါက်တောမြို့၊ အမှတ် (၄) ရပ်ကွက် ရွာသစ်အုပ်စုက အသက် ၃၂ နှစ် အရွယ် မျိုးသားဖြစ်ပြီး ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့်က သေဆုံးသွားခဲ့သည်ဟု သိရသည်။
ပေါက်တောဆေးရုံအုပ် ဒေါက်တာကိုကိုအောင်က “ သူ့က မနေ့က နေ့လယ် ၁၂ နာရီအချိန်လောက်က ဖျားတယ်၊ အသက်ရှုကျပ်တယ်ဆိုပြီးတော့ ဆေးရုံးကို ရောက်လာတယ်။ မွန်းလွဲ ၃ နာရီခွဲလောက်မှာ ဆုံးသွားတယ်။ အခုကာလမှာတော့ ဖျားတယ်။ အသက်ရှုကျပ်တယ်ဆိုတော့ သံသယလူနာလို့တော့ သတ်မှတ်ထားတယ်။ ” ဟုပြောသည်။

အဆိုပါသေဆုံးသွားသူ၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်တို့အား ဓာတ်ခွဲစစ်ဆေးရန်ပို့ဆောင်ထားကြောင်း ဒေါက်တာ ကိုကိုအောင်က ဆက်ပြောသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကလည်း သူ့သေဆုံးသွားမှုအပေါ် မြို့ပေါ်ဒေသခံတချို့မှာ စိုးရိမ်နေကြကြောင်း ပြောသည်။

“ စိုးရိမ်တဲ့သူတွေကတော့ စိုးရိမ်နေကြတယ်။ ဖျားနေတာတော့ ၂ ရက်လောက်ရှိပြီလို့ သိရတယ်။ သူ့က အရမ်း အသက်ရှုကျပ်လို့ သေသွားတာမျိုးလည်း မဟုတ်ဘူး။ အသက်ရှုတော့ နည်းနည်းကျပ်တယ်။ သူ့က အပေါ့သွားမယ်ဆိုပြီးတော့ ဆေးရုံက အိမ်သာသွားတယ်။ အိမ်သာသွားတဲ့ အချိန်မှာ လမ်းမှာလဲကျပြီး သေသွားတာပါ” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသွားသူ ၄ ဦးအထိရှိနေပြီး၎င်းသေဆုံးသူများမှာ စစ်တွေဆေးရုံမှ ၃ ဦးနှင့် ကျောက်တော်ဆေးရုံမှ ၁ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ ညနေ ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်ဆိုလျှင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၅၅၂၅ ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ ၄၃၇၈ ဦးနှင့် သေဆုံးသူ ၃၅၃ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ