ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၃ / ၂၀၂၀
ရခိုင်ပြည်နယ်၊ ပေါက်တောဆေးရုံ၌ ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က သေဆုံးသွားသူထံတွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိကြောင်း ပေါက်တောဆေးရုံအုပ် ဒေါက်တာ ကိုကိုအောင်က ပြောသည်။
ပေါက်တောဆေးရုံအုပ် ဒေါက်တာကိုကိုအောင်က “ သူ့မှာ ကိုဗစ်ပိုးတွေ့တယ်။ ဒီနေ့ အဖြေသိရပါတယ်။ အခု သူ့မိသားစုကို ကွာရန်တင်းထားဖို့ လုပ်နေကြတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။
သေဆုံးသွားသူမှာ ပေါက်တောမြို့၊ အမှတ် (၄) ရပ်ကွက် ရွာသစ်အုပ်စုက အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း သိရှိ၇သည်။
အဆိုပါသေဆုံးသွားသူမှာ ယမန်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်က ဖျားနာခြင်း၊ အသက်ရှုကျပ်ခြင်းတို့ကြောင့် ပေါက်တောဆေးရုံသို့ ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီကျော် အချိန်ခန့်တွင် သေဆုံးသွားခဲ့သည်။
၎င်းနောက် သူ၏ နှာခေါင်း၊လည်းချောင်း တို့ဖတ် နမှုနာများကို စစ်ဆေးရန်ပို့ဆောင်ခဲ့ရာ ယနေ့တွင် Positive ထွက်လာခြင်း ဖြစ်သည်။
ပေါက်တောမြို့တွင် ကိုဗစ်ပိုးရှိသူ တစ်ဦးသေဆုံးသွားသဖြင့် ပေါက်တောမြို့ ဒေသခံများမှာ စိုးရိမ်လျက်ရှိသည်။
လက်ရှိပေါက်တောဆေးရုံတွင် ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူ ရ ဦး ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် လက်ရှိ အချိန်ထိ သေဆုံးသွားသူ ၅ ဦး အထိ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသွားသူများမှာ စစ်တွေဆေးရုံမှ ၃ ဦး၊ ကျောက်တော်ဆေးရုံမှ ၁ ဦးနှင့် ယခု ပေါက်တောဆေးရုံတွင် တစ်ဦးတို့ဖြစ်ကြောင်း သိရှိ၇သည်။