စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဒေသခံအချို့၏ သတင်းပေးချက်များအရ စစ်တွေနှင့်တောင်ကုတ်မြို့နယ်တို့တွင် AAအမာခံများဖမ်းဆီးရမိဟု တပ်မတော်သတင်းထုတ်ပြန်၊ ပလက်ဝတွင်လည်း ၅ ဦးထိန်သိမ်းစစ်ဆေးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၄/၂ဝ၂ဝ

စစ်တွေမြို့နယ် သိန်းတန်ကျေးရွာနှင့် တောင်ကုတ်မြို့နယ် ပဒါးကျေးရွာတို့မှ ဖမ်းဆီးရမိသူ ၄ ဦးမှာ ဒေသခံအချို့၏ သတင်းပေးချက်များအရ ဖမ်းမိသည့် AA အမာခံများဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ  အောက်တိုဘာ ၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဒေသခံအချို့၏ သတင်းပေးချက်များအရ စစ်တွေမြို့နယ်၊ သိန်းတန် ကျေးရွာနေ ဦးကျော်မောင်(ဘ) ဦးကျော်ဇံလှ ၊ ဦးဝင်းဌေး (ဘ)ဦးမောင်ပု နှင့် တောင်ကုတ်မြို့နယ်၊ ပဒါးရွာမကျေးရွာနေ ညီမောင်ချေ(ဘ) ဦးညိုချမ်းအောင်နှင့် ညိချေ(ခ) မဲချမ်းမွန်(ဘ) ဦးရွှေမန်းတို့အား အောက်တိုဘာ ၁ရက်နေ့က အထောက်အထားများနှင့်အတူ ဖမ်းဆီးမိကြောင်း ထုတ်ပြန်ချက် သတင်းတွင် ဖော်ပြသည်။

နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ရှာဖွေ စစ်ဆေးခဲ့ရာ ကျေးရွာများ အတွင်း ဆက်ကြေးနှင့်ရိက္ခာများ ကောက်ခံ၍ AA အဖွဲ့ထံသို့ ပို့ဆောင်ပေးနေသော သူများ ဖြစ်ကြောင်း ဖော်ပြသည်။

ပဒါးရွာမ ကျေးရွာမှ ဦးညီမောင်ရွှေ၏ ဇနီး ဒေါ်ရီရီသိန်းက သူမ ယောကျ်ားအား အောက်တိုဘာ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က တပ်မတော်သားများက စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၃ ရက် ညနေအချိန်ထိ အိမ်ကို ပြန်ရောက်လာခြင်းမရှိသေးသလို အဆက်အသွယ်လည်း မရသဖြင့် မိသားစုဝင်များ အနေဖြင့် အလွန် စိုးရိမ်လျှက်ရှိကြောင်း ပြောသည်။

“အဲဒီနေ့ကတည်းက ခေါ်သွားတာ အခုထိ ပြန်မရောက်သေးတော့ စိုးရိမ်တယ်ပေါ့။ ဘာကြောင့်ခေါ်မှန်းလည်း မသိရဘူး။ ဘယ်ကို ခေါ်သွားမှန်းလည်း မသိရဘူး။ အဲဒီနေ့က အိမ်မှာထိုင်နေတာကို ခေါ်သွားတာပေါ့။ ပြန်လွှတ် ပေးမယ်ဆိုပြီး ပြောသွားတယ်။ သူတို့လက်ထဲမှာဆိုရင် ကျွန်မတို့ စိုးရိမ်ပါတယ်။ အခုထိလည်း အဆက်သွယ်မရဘူး” ဟု ဒေါ်ရီရီသိန်းက နိရဥ္စရာသို့ ပြောသည်။

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများမှ လူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၉ ရက် ညနေ ၃ နာရီ၌ ပလက်ဝမြို့နယ်အတွင်း မသင်္ကာဖွယ်ရာ ပစ္စည်း များအား သယ်ဆောင်ရန်ပြင်ဆင်လျက်ရှိသည့် စက်လှေတစ်စီးအား ကွမ်းဘုတ်(အနောက်)ကျေးရွာ တွင် အုပ်ချုပ်ရေး အဖွဲ့နှင့်အတူ သတင်းအရစစ်ဆေးရာ အထောက်အထားပြသနိုင်ခြင်းမရှိသည့် အသွား ၁ ပေခွဲ၊ အနံ ၄ လက်မခန့်ရှိဓား အချောင်း ၈ဝ၊ ဆာလာအိတ်ခွံ ၁ဝဝဝ လုံးပါအိတ် ၂ လုံးနှင့် စားသောက်ဖွယ်ရာ များအားတွေ့ရှိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏  အောက်တိုဘာ  ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်လှေမောင်းနှင်သူ နှုံးဘူးငယ် ကျေးရွာနေ ဦးဝှေ့တလင်း (ဘ) ဦးကန်ကန်း၊ အဘောင်သာ ကျေးရွာနေ ဦးပြည်အောင် (ဘ) ဦးအောင်ပနှင့် ဦးကျော်ထွန်း (ဘ) ဦးအောင်ပတို့ကို ပစ္စည်းများနှင့် အတူ တွေ့ရှိရသဖြင့် ပလက်ဝမြို့၊ စီမံခန့်ခွဲရေးကော်မတီသို့အပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါပစ္စည်းများကို သွားလာမှုကန့်သတ်တားမြစ်ထားသည့်လမ်းကြောင်းများမှ သယ်ဆောင်လာခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   

စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်ကလည်း  ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကုလားတန်မြစ် အနောက်ဘက်ခြမ်းရှိ လောင်းကဒူးကျေးရွာဘက်မှ ကုလားတန်မြစ်အားဖြတ်ကူး၍ မြစ်အရှေ့ဘက်ခြမ်းသို့ မောင်းနှင်လာသည့် စက်လှေတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းစက်လှေပေါ်တွင် ပါလာသူ နှစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးမှာ ပလက်ဝမြို့၊ ရွာမ ရပ်ကွက်နေသူများဖြစ်သည့် ထွန်းလင်းဇော်(ဘ)ဦးမောင်လှကျော်နှင့် စိုးကျော်လင်း(ဘ)ဦးသာကျော်မောင်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ဦးမှ တစ်ဦးသည် AA မှ  ဖွင့်လှစ်သည့် သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်သဖြင့် စစ်ဆေးမေးမြန်းချက်များအရ သိရသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ