ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တိုက်ပွဲအတွင်း မူဆလင်လူငယ်၂ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေကျေးရွာအုပ်စု၊ ပြင်ရှည် မူဆလင်ကျေးရွာအနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားမှုကြောင်း ဆယ်ကျောက်သက်အရွယ် မူလဆင် လူငယ် နှစ်ဦးသေဆုံးပြီး၊ တစ်ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူနှစ်ဦးမှာ ပြင်ရှည်အရှေ့ရွာမှ ဦးနုရ်အီစ္စလမ်၏သား အာယာတုလ္လာ အသက် (၁၂)၊ ဦးကာလာများ၏သား အာနိုဝါရ်ဟူဆောန် အသက် (၁ဝ) နှစ်တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူမှာ အဘုလ်ဖွေယာစ်၏သား ဆွေဒုလ်အာမိန် ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မနက် ၁၁ နာရီခန့်က မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုက သေဆုံးသွားသည့် လူငယ် နှစ်ဦး အပါအဝင် မူဆလင်ရွာသား ၁၅ ဦးကို နွားကျောင်းနေရာမှ လမ်းပြန်ရန် ခေါ်ယူသွားခဲ့ပြီး  လမ်းခု လတ်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရွာလူကြီး တစ်ဦးဖြစ်သူ ဦးနုရ်အစ္စလာမ်က ပြောသည်။

“တပ်မတော် စစ်ကြောင်းက သူတို့ကို လမ်းပြဖို့ ရှေ့က ခေါ်သွားတယ်။ တိုက်ပွဲ ဖြစ်တာ ခမွေချောင်းရွာနဲ့ ဝမ်းတွင်းရွာအကြားမှာ ဖြစ်တာပါ။ ဘယ်လို ကျည်ဆံထိသွားတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ သေနတ်ပစ်သံတွေကြားရပါတယ်။ အဲဒီမှာကျွန်တော်တို့ ရွာသားတွေ လူစုကွဲသွားပြီး နှစ်ဦးသေပါတယ်။ တစ်ဦးကို ဘူးသီးတောင်ဆေးရုံကို ညတွင်း ချင်းပို့ရပါတယ်။  သေတဲ့အလောင်းတွေတော့ ဒီနေ့ မနက်က ရပါတယ်။ နေ့လယ် ၁၂ နာရီမှာ သင်္ဂြိုလ်လိုက်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများမှာ ပြင်ရှည်အရှေ့ရွာက ၆ ဦး၊ ကြံမောက်တောင် တောင်ရွာက ၁ဦး၊ ကွန်တိုင်/ မောင်နှမရွာက ၁ ဦး၊ ကွန်တိုင်/ဝါချီးလ္လာရွာက ၇ ဦး စုစုပေါင်း ၁၅ ဦးဖြစ်ပြီး ပြင်ရှည်အရှေ့ရွာက နှစ်ဦးမှာ သေဆုံးသွားပြီး တစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 “ရွာက စပါးခင်းတွေကို သွားတဲ့သူတွေရယ်၊ နွားကျောင်းနေတဲ့ သူတွေရယ် ၁၅ ယောက်ကို စစ်သားတွေက မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ ခေါ်သွားပါတယ်။ ကျွန်တော်တို့ရွာနားက ခမွေချောင်း ရွာရှိပါတယ်။ အဲဒီရွာနားက ခမွေချောင်းတောင်ရှိတယ်။ အဲဒီတောင်ကို ကျော်ပြီးသွားရင် မြေပြင်ဘက်ကို ရောက်တယ်ပေါ့။ အဲဒီမှာ သူတို့သွားတဲ့ နေရာကို ရွာက အဲဒီ ၁၅ ယောက်ကို ခေါ်သွားတာ။ အဲဒီမှာ တောင်အောက်ကို ရောက်တာနဲ့ နေ့ခင်းဘက် ၂ နာရီလောက်မှာ စစ်တိုက်ကြပါတယ်။အဲဒီအနားမှာက ဟိုဘက်တောင်၊ ဒီဘက်တောင်တွေ ရှိပါတယ်။ ပေါ်တာဆွဲသွားတာပါ။ ကျွန်တော်တို့ရွာနဲ့ သိပ်မဝေးတော့ စစ်တိုက်တဲ့ အသံတွေ ကြားရပါတယ်။ အေအေစစ်သားတွေက ဘယ်နားကနေ ပစ်နေမှန်းကျွန်တော်တို့ မတွေ့ခဲ့ရပါဘူး။အဲဒီမှာ ရွာက ၁၅ ယောက်ထဲက ၂ ယောက်ကို ကျည်ထိပြီး သေပါတယ်။ တစ်ယောက်က ဒဏ်ရာရသွားပါတယ်။ အဲဒါ ဘယ်ကပစ်လို့ ကျတဲ့ ကျည်လဲတော့ ကျွန်တော်တို့ မသိဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသဖြင့် ဖမ်းဆီးခံရသူများထဲမှာ အသက်ရှင်ကျန်ရစ်သူ ၁၃ ဦးမှာ နီးစပ်ရာနေရာများတွင် ပုန်းခိုပြီး ထွက်ပြေးလွှတ်မြောက်လာကြကြောင်း ၄င်းက ဆက်ပြောသည်။

“အဲဒီမှာ ၁၃ ယောက်ထဲက ရွာသားတစ်ယောက်/ နှစ်ယောက်မှာ ဖုန်းပါသွားတယ်။ အဲဒီဖုန်းနဲ့ ကျွန်တော်တို့ကို ဆက်ပါတယ်။ သူတို့မှာ နှစ်ယောက်သေသွားပြီ၊  တစ်ယောက်ဒဏ်ရာရသွားတယ်၊ စစ်ဖြစ်နေတဲ့ အချိန်မှာ အဲဒီနေရာက ထွက်ပြေးပြီး ပုန်းနေတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ သူတို့ကို ဒီနေ့ မနက် ၇ နာရီ အချိန်လောက်မှာ သွားခေါ်တယ်။ အဲဒီမှာ ကျွန်တော်တို့မှာ ၁၅ ယောက်အထဲက နှစ်ယောက်က သေပြီ။ တစ်ယောက်က ဒဏ်ရာရတယ်။” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆလင်နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“မူဆလင် နှစ်ယောက်သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်။  နွားကျောင်းနေတဲ့ ကောင်လေးတွေကိုလည်း တပ်က ခေါ်သွားတယ်၊ အဲဒီမှာ သူတို့တောင်ကို တက်တယ်ပေါ့။ အဲဒါပြီးရင် တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ကျည်ဆံကျပြီး နှစ်ယောက်သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်ဆိုပြီး ကျွန်တော့်ကို သူတို့ သတင်းပို့လာပါတယ်”ဟု ပြောသည်။

အထက်ပါစဉ်ဖြစ်များနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပုလဲတောင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၄ဝဝဝ ခန့် အကွာမှ လက်နက်ငယ်ကျည်ထွက်သံ ၇ ချက်ခန့်ကြားရသဖြင့် အဆိုပါ နေရာတစ်ဝိုက်အားသွားရောက်စစ်ဆေးစဉ် နဖူး၌လက်နက်ငယ်ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးနေသည့် ဘင်္ဂါလီအမျိုးသားအလောင်း တစ်လောင်း၊ လည်ပင်း၌လက်နက်ငယ်ကျည် ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံး နေသည့် ဘင်္ဂါလီအမျိုးသားအလောင်းတစ်လောင်းနှင့် ဝဲဘက်ရင်အုံညှပ်ရိုးကြား လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပြင်းထန်စွာဒဏ်ရာရရှိသော ဘင်္ဂါလီအမျိုးသား တစ်ဦးတို့အား တွေ့ရှိခဲ့သည်။

အဆိုပါလက်နက်ငယ်ဒဏ်ရာများဖြင့် သေဆုံးနေသော အလောင်းနှစ်လောင်းမှာ ပြင်ရှည်ကျေးရွာနေ အယာနူလာ(၁၃)နှစ်၊ (ဘ) နူအီစလာမ်၊ အနိုဝါဟူစိန်(၁၄)နှစ်၊ (ဘ)ဟာရုတို့ဖြစ်သဖြင့် အလောင်းများအား ကျေးရွာသို့အပ်နှံထားခဲ့ကာ ပြင်းထန်စွာဒဏ်ရာရရှိသော ကာလာဖူတီယာ(ခ) ဆွေသလာမိန် အား ယမန်နေ့ညတွင်ပင် ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဆွေသလာမိန်၏ ပြောကြားချက်အရ ၎င်းတို့သည် ငါးရှာ၊ ဖားရှာနေစဉ် AA က  လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်ဟု ဖော်ပြသည်။

အဆိုပါ တပ်မတော်ဘက်က ရေးသားချက်နှင့် ပတ်သက်ပြီး သတင်းစာကျင့်ဝတ်နှင့် အညီ AA ဘက်ကို မေးမြန်းရန်လိုအပ်သော်လည်း AA ကို ဆက်သွယ်ပါက အကြမ်းဖက်မှုပုဒ်မဖြင့် အရေးယူနိုင်သဖြင့် နိရဥ္စရာ သတင်းဌာနအနေဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

သို့သော် RFA ( မြန်မာပိုင်းအစီစဉ်) တွင် ပြင်ရှည်ရွာသားများကို တပ်မတော်က ပေါ်တာ ဆွဲသွားချိန်တွင် ဖြစ်ခဲ့ခြင်းဟု ထွက်ပြေးလွတ်မြောက်လာသူများက ပြောဆိုထားကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း ဟုတ်၊ မဟုတ်ကို အောက်ခြေကို မေးမြန်းနေဆဲဖြစ်ကြောင်း၊  တပ်မတော်က ပြစ်မှုကျူးလွန်တာကို ဖုံးကွယ်ရန် အတွက် AA အဖွဲ့က ပစ်ခတ်၍ သေဆုံးခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုတာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြောင်း သတင်းဖော်ပြထားသည်။

ဆက်စပ် သတင်းများ