အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၈ /၂၀၂၀
အလုပ်လုပ်ရန်အတွက် သွားလာခွင့်ကဒ်များကို ယနေ့နံနက်က ထုတ်ပေးစဉ် စစ်တွေမြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတချို့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်ဟု သတင်းရရှိသည်။
စစ်တွေမြို့၊မင်းဂံရပ်ကွက်နေ ကိုထွန်အေးလှိုင်က “ ကျွန်တော်မနက်ကတည်းက ကဒ်လာထုတ်တာပါ။ အလုပ်သွားရင်ယူသွားရမယ်ဆိုလို့ပါ။ ကဒ်မပါလည်း အဖမ်းခံရမှာဆိုတော့ လာထုတ်တာပါ။ လူကမြင်တဲ့ အတိုင်း ရာနဲ့ချီလို့ရှိတယ်။ ဒီထဲမှာ ရောဂါပိုးရှိတဲ့သူပါရင်တော့ ကူးပြီပေါ့ဗျာ။ စိုးရိမ်စရာအတော်ကောင်းပါတယ်။ အမှန်ဆိုရင် စနစ်တကျလုပ်ပေးသင့်တယ်လို့ထင်တယ်။” ဟုပြောသည်။
စစ်တွေတွင်ကိုဗစ်ကာလအတွင်း အလုပ်သမားများအနေဖြင့် အပြင်သို့ထွက်၍ အလုပ်လုပ်မည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံချက် ကဒ်ပြားဖြင့် သွားလာရန် စည်းကမ်း ထုတ်ပြန်ထားသည်။
အဆိုပါကဒ်ကို ထုတ်ယူရန်လာစဉ် လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကဒ်လာထုတ်ကြသည့် လူများမှာ လက်လုပ်လက်စားများ ဖြစ်ကြောင်းသိ၇သည်။
ရခိုင်အမျိုးသမီးကွန်ရက်မှ ဥက္ကဋ္ဌဖြစ်သူလည်းဖြစ် စစ်တွေမြို့ခံတစ်ဦးလည်း ဖြစ်သူ ဒေါ်ညိုအေးက “တွေ့တယ်။ မြင်နေရတယ်။ သူတို့ထုတ်တဲ့ စည်းကမ်းကို သူတို့ဖောက်နေကြတယ်။ အလုပ်သွားဖို့ အပြင်ထွက်ဖို့ကဒ်ထုတ်ပေးတယ်ဆိုပြီး လူစုလူဝေးနဲ့ထုတ်ပေးနေတာ မဖြစ်သင့်ဘူး။ စနစ်တကျနဲ့ လုပ်သင့်တာကို အခုလိုလုပ်တော့ အကုန်လုံးရောဂါကူးတော့မယ်” ဟုပြောသည်။
စစ်တွေမြို့ဓည၀တီရပ်ကွက်မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကလည်း ၄င်းမှာ လူအုပ်ကြီးကိုကြည့်၍ စိုးရိမ်မိကြောင်းပြောသည်။
“နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ။ ပိုးရှိတဲ့လူတွေကို မျက်လုံးနဲ့ မြင်နိုင်တာ မဟုတ်တဲ့အတွက် ဘယ်သူ့မှာ ပိုးရှိမှန်းသိမလား။ အခုဒီထဲမှာ ပိုးရှိတဲ့လူပါရင်အကုန်ကူးပြီပေါ့” ဟု သူမကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဓည၀တီရပ်ကွက်အုပ်ချုပ်ရေးမှူးအား မေးမြန်းရာ ရုံးတွင်းသို့ တစ်ဦးချင်းစီ ဝင်ရောက်ရန် စည်းကမ်းသတ်မှတ်ထားကြောင်း ပြောသည်။
“အပြင်ထွက်ခွင့်ကဒ်ထုတ်ပေးနေတာပါ။ ရုံးထဲကို တစ်ဦးချင်းစီ တန်းစီဝင်ကြဖို့ စည်းကမ်းနဲ့လုပ်နေတာပါ။” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။
၇ခိုင်ကိုဗစ် ၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့(Rakhine Covid -19 Watch) ၏ စာရင်းအရ ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ရ ရက်နေ့ ညနေ ၆ နာရီအထိ ကိုဗစ်အတည်ပြုလူနာ ၁၇၈၈ ဦးရှိပြီဖြစ်ကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၅၅ ဦးနှင့် သေဆုံးသူ ရ ဦးခန့်ရှိပြီဖြစ်ကြောင်း သိ၇သည်။