ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် အသက်၂၃ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ ရဲတပ်သားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၉ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေတပ်နယ်၊ ကုတင် ၁ဝဝ ဆန့် ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ် -၁၉ အတည်ပြုလူနာ ရဲတပ်သားတစ်ဦး ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်း ရဲတပ်သားမှာ အသက် (၂၃) အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း ရခိုင် ကိုဗစ် - ၁၉ စောင့်ကြည့်ရေး အဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က စစ်တွေတပ်နယ်ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ဒီနေ့ပဲ ဆေးရုံကိုရောက်တယ်။ ဆေးရုံပေါ်မှာ ၃ နာရီလောက် ဆေးကုသမှုခံယူပြီး ဆုံးသွားတယ်လို့ ပြောတယ်။ ရောက်လာကတည်းက အောက်ဆီဂျင်ကျနေတယ်လို့ ပြောတယ်။ ချက်ချင်း စစ်ကြည့်တော့ Positive တွေ့တယ်။ သူနှင့် ဆက်စပ်သူ ၁၆ ယောက်လောက်ကိုတော့ ကွာရန်တင်းလုပ်ပြီးတော့ နှာခေါင်း၊ လည်ချောင်းတို့ဖတ် ယူဖို့လုပ်နေတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

၎င်းသေဆုံးမှုအား မနက်ဖြန်မှ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း၊ တပ်မတော်ဆေးရုံ တာဝန်ရှိသူများမှ အကြောင်းကြားလာကြောင်း ပြောဆိုသည်။

ရခိုင် ကိုဗစ် - ၁၉ စောင့်ကြည့်ရေး အဖွဲ့မှ ကိုဇော်လှိုင်ထွန်းက  “ ရဲတပ်ရင်းတစ်ခုက ရဲသားတစ်ယောက် ဆုံးသွားတယ်လို့ ကျနော်တို့ကို အကြောင်းကြားလာတယ်။ ဘယ်ရဲစခန်းကလည်း ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး။ လူနာ အမှတ်ကိုလည်း ကျနော်တို့မသိဘူး” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ၉ ဦးအထိရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

၄င်းတို့မှာ စစ်တွေဆေးရုံမှ ၆ ဦး၊ ပေါက်တောဆေးရုံမှ ၁ ဦး၊ ကျောက်တော်ဆေးရုံမှ ၁ ဦးနှင့် စစ်တွေတပ်နယ် ဆေးရုံမှ (၁) ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ရောဂါအတည်ပြုလူနာစုစုပေါင်း ၂၂၄၄၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၆၃၆၆ ဦးနှင့် သေဆုံးသူ ၅၃၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ