သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မီးရှို့ခံထားရသည့် ဘုရားပေါင်းကျေးရွာ၏ နေအိမ်အချို့မှ အသုံးအဆောင်ပစ္စည်းများ ယူဆောင်ခံရဟု ရွာသားများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၉/ ၂ဝ၂ဝ

မီးရှို့ခံထားရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာ၏ နေအိမ်အချို့မှ အသုံးအဆောင်ပစ္စည်းများ ယနေ့ နံနက် ၈ အချိန်ခန့်က အကြောင်းမဲ့ ယူဆောင်ခြင်းခံလိုက်ရကြောင်း ကျေးရွာသားများက ပြောဆိုသည်။

အင်အား ၁ဝဝ ခန့်ပါသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ကျေးရွာအတွင်းသို့ ယနေ့နံနက်က  ဝင်ရောက်လာပြီး ဘုရားပေါင်းကျေးရွာမှ နေအိမ်များမှ အသုံးအဆောင် ပစ္စည်းများအား ယူဆောင်သွားကြောင်း ကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးစိန်လှဖော်က ပြောသည်။

“အိမ်က ပစ္စည်းတွေကို နေ့လယ် ၁၁ နာရီလောက်မှာ ယူတာပေါ့။ ကျွန်တော့်အိမ်ကလည်း အဝတ်အစားတွေ ထုတ်ထားတဲ့ အိတ်ကို ယူသွားတယ်။ အဲဒါကို သူတို့ထဲကပါတဲ့ ကျွန်တော်နဲ့လည်း ရင်းနှီးတဲ့ ဗိုလ်ကြီးကို ပြောတယ်။ အဲဒီမှာ အိတ်ကို ပြန်ပေးလာပါတယ်။ အဝတ်အစားတွေတော့ ပြန်ပါမလာဘူး။ တခြား အိမ်တွေကလည်း သူတို့ ကြိုက်တာကို မွှေနှောက်ပြီး ယူတယ်” ဟု ဦးစိန်လှဖော်က နိရဥ္စရာသို့ ပြောသည်။

ဘုရားပေါင်းကျေးရွာမှ ဒေါ်အေးကျော့စိန်၏ နေအိမ်မှလည်း ငွေ ကျပ် သုံးသိန်းကျော်ကို ယူဆောင်သွားကြောင်း ကာယကံရှင် ဒေါ်အေးကျော့စိန်က ပြောသည်။

“ကျွန်မတို့က ဘုန်းကြီးကျောင်းမှာ မနက်က သီလဆောက်တည်အပြီး အိမ်ကို ပြန်တယ်။ အဲဒီမှာ စစ်သားတွေက ကျွန်မမှာ ဆွမ်းချက်ဖို့ ထားတဲ့ စားသောက်ကုန်တွေကို အကုန်လုံးစားထားကြတယ်။ အိမ်ထဲမှာ သေတ္တာတွေကို ထုခွဲပြီး ဘာမှ မကျန်ခဲ့ဘူး။ အဲဒီမှာ ငွေတွေကို ယူသွားတယ်။ အိတ်အခွံကို ထားခဲ့တယ်။ ငွေ သုံးသိန်းနဲ့ သုံးသောင်း ယူသွားပါတယ်” ဟု ဒေါ်အေးကျော့စိန်က ပြောသည်။

ကျေးရွာအတွင်း နေအိမ်များမှ ၄င်းတို့ လိုအပ်သော အသုံးအဆောင်ပစ္စည်းများအား ယူဆောင်ထားကြောင်း၊ လက်ရှိအချိန်ထိ ကျေးရွာအတွင်းမှ ယင်းတပ်မတော်သားများမှာ ထွက်ခွာသွားခြင်းမရှိသေးကြောင်း ဘုရားပေါင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဗုဒ္ဓဝံသက ယနေ့ ညနေ ၅ နာရီခန့်က နိရဥ္စရာသို့ မိန့်သည်။

ဦးဗုဒ္ဓဝံသက “ကျောင်းထဲကို သူတို့ စစ်သားတွေ ဝင်လာခဲ့တယ်။ အိမ်မီးရှို့ခံရကတည်းက သူတို့တွေကို ကြောက်ပြီး ဘုန်းကြီးကျောင်းမှာ နေတဲ့ ရွာသား တချို့ရှိတယ်။ အဲဒီမှာ သူတု့ိဝင်လာတာနဲ့ အဝတ်အစားတွေ၊ စားရိက္ခာတွေကို မြင်တော့ ဒါတွေက ဘယ်သူတို့နေတာလဲမေးတယ်ပေါ့။ ဦးဇင်းက ဒါ မီးလောင်လို့ နေစရာမရှိတဲ့ ရွာသားတွေ ကျောင်းမှာ နေကြတာပါလို့ ပြန်ဖြေတော့ ရွာထဲကို ထွက်သွားကြပါတယ်။ အဲဒီရွာထဲမှာ မီးမလောင်လိုက်တဲ့ နေအိမ်တွေက အဝတ်အထည်တွေ၊ ငွေတွေကို ယူသွားပါတယ်။ ” ဟု နိရဥ္စရာသို့ မိန့်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဦးထွန်းဝင်းအား ယနေ့ ညနေ ၅ နာရီခန့်က နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “အဲဒီသတင်းကို အဲဒီရွာက တစ်ယောက်ဆီက တစ်ဆင့်ခံ သတင်းရထားတယ်။ တစ်ဆင့်ခံဆိုတာက သူ ဖုန်းဆက်တဲ့အခါမှာ ရွာထဲမှာတော့ မရှိဘူး။ ကျောက်တော်ကနေ လှမ်းဆက်တာပါ။ အဲဒီရွာက ဖုန်းနံပါတ်တွေကို လှမ်းဆက်တာလည်း စက်ပိတ်ထားကြတယ်။ အတည်ပြုဖို့ နည်းနည်းခက်နေတယ်ပေါ့။ ဘယ်လိုအနေအထားရှိနေလဲ၊ နောက်ဆုံး ဘယ်လိုအခြေနေရှိနေလဲဆိုတာကို မသိရသေးဘူး။ သေချာတာတစ်ခုကတော့ ရွာထဲမှာ စစ်သားတွေ ရောက်နေလို့ ရွာသားတချို့ကတော့ ထွက်ပြေးနေကြပါတယ်။ အဲဒီထွက်ပြေးလာတဲ့ ရွာသားတချို့နဲ့ ကျွန်တော်တို့နဲ့တော့ တွေ့ခဲ့ပါတယ်။ အဲဒီထွက်ပြေးလာတဲ့ သူတွေ ပြောတာကလည်း ရွာထဲကို စစ်ကြောင်းဝင်လာတယ်။ အဲဒါကြောင့် ကြောက်ပြီး ထွက်ပြေးလာကြတယ်ပေါ့။” ဟု နိရဥ္စရာသို့ ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းအား ယနေ့ ညနေ ၅ နာရီကျော်ခန့်က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့သဖြင့် ရွာသားများ ပြောချက်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ တုံ့ပြန်မှုကို ရရှိခြင်း မရှိသေးပါ။

အဆိုပါ ကျေးရွာတွင် လူဦးရေ ၁၂ဝဝ ခန့်နှင့် အိမ်ခြေ ၂၅ဝ ရှိပြီး ယင်းထဲမှ ကျေးရွာအတွင်း လက်ရှိ လူဦးရေ ၂ဝ ခန့်သာ ရှိတော့ကြောင်း ကျန်ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြကြောင်း သိရသည်။

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာအပါအဝင် တောင်ပေါက်ကျေးရွာတို့ကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခုက နေအိမ်များကို မီးရှို့ခဲ့ကြောင်း မျက်မြင်ကျေးရွာသားများက ပြောကြားထားသော်လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်စစ်ကြောင်က ၄င်းကျေးရွာများတွင် မီးရှို့ခဲ့ခြင်း မရှိကြောင်း စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆိုထားသည်။

အဆိုပါ ဘုရားပေါင်းကျေးရွာမှ နေအိမ် ၉၄ လုံးနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၆ လုံး စုစုပေါင်း ၁၇ဝ လုံးရှိကြောင်း၊ ရခိုင်ပြည်နယ် အစိုးရမှ လက်ရှိတွင် အိမ်တစ်လုံးကို ကျပ်သိန်း (၅ဝ) ဖြင့် ဆောက်ပေးရန် စီစဉ်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ